မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီးအရေးယူနိုင်ခြင်းမရှိသေး 

မြစ်ကြီးနားမြို့လယ်နေရာတစ်ခုကိုတွေ့ရစဉ်/SNV

ဇွန် (၁၁)၊မြစ်ကြီးနား

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ပေါ်မှာ  အခုလပိုင်းတွေအတွင်း လုယက်မှုနဲ့ ခိုးယူမှုတွေပိုမိုဖြစ်ပွားလာနေပြီး လုယက်ရိုက်နှက်ခံရမှုတွေကြောင့် သေဆုံးမှုတွေနဲ့  ထိခိုက်နစ်နာသူတွေလည်း ရှိလာနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ 

မြို့အာဏာပိုင်များထံ အကူအညီတောင်းခံမှုတွေရှိနေပေမယ့်လည်း အရေးယူဆောင်ရွက်မှုတွေနဲ့ ရှာဖွေဖမ်းဆီးခြင်းတွေမရှိနေသေးဘူးလို့ ဒေသခံများထံမှ သိရပါတယ်။

“ ရှေ့လတုန်းက ကျွန်တော်တို့စံပြဘက်နားမှာ ညကိုးနာရီလောက်လေ အမတစ်ယောက်ခေါင်းရိုက်ပြီးလုခံရတာ ခုဆုံးသွားပြီလေ ကချင်အမတစ်ယောက်ဟုတ်တယ် ဆုံးသွားပြီလေအရိုက်ခံရတဲ့ဒဏ်ရာနဲ့ပဲပါ့” ဟု မြစ်ကြီးနားမြို့ပေါ်နေထိုင်သူ လူငယ်တစ်ဦးက အခုလိုပြောပြပါတယ်။

ရပ်ကွက်လမ်းကြားများအပြင် လမ်းမကြီးပေါ်မှာပါ လုယက်ခံနေကြရပြီး ညပိုင်း(၇)နာရီကျော်အချိန်ခန့်မှစပြီး အန္တရာယ်များလာနေတာကြောင့် လမ်းတွေမှာ သွားလာသူမရှိသလောက်ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီလိုကျူးလွန်သူတွေဟာ လူငယ်တွေအများဆုံးဖြစ်နေပြီး အုပ်စုဖွဲ့ကာ  လူအသွားအလာရှင်းလင်းနေတဲ့နေရာတွေမှာ လုယက်ကြတာဖြစ်သလို ဓားပြခြိမ်းခြောက်ခြင်းတွေသာလုပ်ဆောင်တာမဟုတ်ဘဲ ပိုင်ရှင်တွေကိုရိုက်နှက်ထိုးသတ်မှုတွေအထိ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

“သူခိုးကလည်းတအားပေါတာ ခိုးတဲ့ကလေးတွေကလေ အသက်တွေငယ်ငယ်လေးကြီးပဲ  ၁၆ ၊ ၁၇ အရွယ်လေးတွေ ခိုးတာကအဲလောက်ထိကြောက်စရာမကောင်းဘူး လုယက်တာပိုကြောက်နေရတာ နောက်ကနေရိုက်ပြီးတန်းလုတာ ဓားတွေနဲ့ထောက်ပြီးမခြိမ်းခြောက်တော့ဘူးကြာလို့ တစ်ခါတည်းလူပါလုပ်သွားတာ” ဟု  သူကဆိုပါတယ်။

မကြာသေးမီရက်ပိုင်း ဇွန်(၉)ရက်နေ့ကလည်း မြေမြင့်ရပ်ကွက်မှာ အမျိုးသားတစ်ဦးကို လူငယ်(၃)ဦးက ရိုက်နှက်လုယက်မှုပြုလုပ်ခဲ့တာကြောင့် ခန္ဓာကိုယ်အနှံ့မှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကာ အသက်အန္တရာယ်တော့လွတ်မြောက်ခဲ့တယ်လို့ လှုမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြလာပါတယ်။ 

အလားတူဖြစ်စဉ်တွေ မကြာခနဆိုသလို ဒေသအတွင်းက ဒေသခံတွေရဲ့ လှုမှုကွန်ရက်စာမျက်နှာတွေမှာ ထုတ်ဖော်ရေးသားမှုတွေရှိနေပြီး မြို့အတွင်းနေထိုင်သူများအနေနဲ့ ဂရုစိုက်သွားလာကြဖို့ အချင်းချင်းသတိပေးနေကြတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *