
ဇွန် ၁၁ ၊ တမူး
အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေး အဓိကလမ်းပိုင်းတစ်ခုဖြစ်တဲ့ တမူး-ကလေးပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်အပြီး စစ်ကြောင်းတွေ ထိုးလာခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးနေတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေ ပြင်းထန်နေတာလည်းဖြစ်ပါတယ်။
ဇွန်လ ၇ ရက်နေ့ကစလို့ ၁၀ ရက်နေ့အထိ တမူးမြို့ဘက်မှ စစ်ကြောင်းတစ်ကြောင်း ၊ ကလေးမြို့ဘက်ကမှ စစ်ကြောင်းတစ်ကြောင်း နဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းပေါ်ကို ဝင်ရောက်ခဲ့ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
စစ်တပ်ရဲ့ မနေ့ညက ထုတ်ပြန်မှုအရ တမူးမြို့ဘက်မှ ဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ ရန်လင်းဖိုင်ကျေးရွာကို ရောက်ရှိခဲ့သလို ကလေးမြို့က စစ်ကြောင်းဟာလည်း ၅၅ မိုင်ကျေးရွာအထိ စစ်ကြောင်းရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။
လမ်းပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စစ်ကြောင်းတွေ ဆက်လက်ထိုးသွားမှာဖြစ်တယ်လို့ စစ်တပ်က မနေ့ညမှာပဲကြေညာထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့များနဲ့ တိုင်းရင်းသားလက်နက်ကိုင်များက တမူး-ကလေးလမ်းပိုင်းပေါ်က ခမ်းပတ်မြို့ကို ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးတပ်များထိန်းချုပ်ခဲ့ပြီး ကျေးရွာ ၃၀ ဝန်းကျင်ကို ဆက်လက်ထိန်းချုပ်ထားဆဲလည်းဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အပြီး ဇွန်လ ၄ ရက်နေ့မှာလည်း ခမ်းပတ်မြို့ နဲ့အနီးကျေးရွာတွေကို ဗုံးကြဲမှုတွေ စတင်လုပ်ခဲ့တာပါ။
ခရီးစဉ်မှာလည်း အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းတွေကို လုပ်ဆောင်ဖို့သဘောတူခဲ့ပြီး လမ်းပိုင်းမြို့တွေကို ခရီးစဉ်အပြီး စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေ အရှိန်မြင့်လာတာပါ။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကလေး-တမူးလမ်းပိုင်းက ကျေးရွာပေါင်း ၅၀ ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။
