
ဇွန် ၁၁၊ မြစ်ကြီးနား
ရှမ်းအရပ်ဖက်အဖွဲ့အစည်းများ နဲ့ မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ရှမ်းစစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့မှာ ကချင်ပြည်နယ်ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်အောင်တို့တွေ့ဆုံမှုတစ်ရပ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင် အခက်အခဲများ ၊ ရှမ်းတိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမ များရဲ့ စာသင်ကျောင်းတွင်သင်ပြနိုင်မှုအခက်အခဲများ၊ သဘာဝပတ်ဝန်းကျင်သယံဇာတဖြစ်တဲ့ ဒေသတွင်းရွှေအလွန်အကျွံတူးဖော်နေမှုနဲ့ ရှမ်းအရပ်ဘက်အဖွဲ့ အစည်းများကို အဖွဲ့မှတ်ပုံတင်နိုင်ရေး တို့ကိုအသီးအသီးဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
“ ပထမဆုံးတော့ ပညာရေးပေါ့ စစ်ရှောင်ကဟာတွေလည်းပါတယ်ဆိုတော့တောင်းဆိုတာတွေတော့ အစုံပေါ့ ဘယ်လိုပြောကြတာလည်းဆိုလို့ရှိရင် ကလေးတွေဖတ်စာအုပ်ပြသာနာတွေ၊ အခုရှမ်းဘာသာစကားဖြစ်တဲ့ ရှမ်းစာပေယဉ်ကျေးမှုပတ်သက်ပြီး စာနဲ့အကကို သင်ခိုင်းစေချင်တယ်ပေါ့ ပတ်ဝန်းကျင်သယံဇာတ အဲ့ဒါတွေလည်းဆွေးနွေးဖြစ်တယ်” လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့သူ တစ်ဦးက ပြောပါတယ်။
ရှမ်းအရပ်ဘက်အဖွဲ့အစည်းများ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့များ၊ ဝိုင်းမော်၊ ဆင်ဘိုနဲ့ စံကင်းကျေးရွာက စစ်ရှောင်တွေတက်ရောက်ခဲ့ပြီး အဖွဲ့ အစည်းပေါင်း ၈ ဖွဲ့နီးပါးရှိပြီး ၂၀ဦးကျော်တက်ရောက်ခဲ့တာပါ။
ရှမ်းရေးရာဝန်ကြီးက ကချင်ပြည်နယ် အစိုးရထံကို တင်ပြပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ နေ့ကလည်း အဆိုပါ ရှမ်းဝန်ကြီးဦးတင်အောင်က ဝိုင်းမော်မြို့နယ်၊ သာဂရကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ နောင်စီပေါကျေးရွာကရှမ်းစစ်ရှောင် အိမ်ထောင်(၂၀) ကျော်ကိုလိုအပ်သည်များကို အကူအညီပေးနိုင်ရန် သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
