
ဇွန်(၁၂)၊ ရွှေကူ
ရွှေကူမြို့ကနေ မကြာသေးမီ ဇွန်(၈)ရက်နေ့မှာ ဒေသခံများအား တိမ်းရှောင်ထွက်ခွာကြဖို့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ရဲ့တိုက်တွန်းသတိပေးမှုကို အပြင်းအထန်ကန့်ကွက်တယ်လို့ ရှမ်းနီပါတီတစ်ခုဖြစ်တဲ့ ကျားနီပါတီ(TNDP)က ထုတ်ပြန်လာပါတယ်။
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) က မနေ့ကဇွန်(၁၁)ရက်မှာ အခုလိုကန့်ကွက်လိုက်တာဖြစ်ပြီး ရွှေကူမြို့မှာ တိုက်ပွဲဖော်ဆောင်လိုခြင်းကို ရပ်တန့်ဖို့လည်း (KIA)ကိုတိုက်တွန်းလိုက်ပါတယ်။
ဒေသခံတွေဟာ မြို့ထဲကနေ တိမ်းရှောင်ဖို့အတွက် စစ်ရေးအခြေအနေတွေကို စောင့်ကြည့်နေဆဲတယ်လို့ မြို့ခံတစ်ဦးက ပြောဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် မြို့ရွာထဲကနေ နေအိမ်တွေ ပျက်စီးမှာကိုလည်း စိုးရိမ်မှုနေကြပြီး ဝေဖန်မှုတွေလည်းမြင့်တက်ခဲ့တာပါ။
မြို့အတွင်းမှ ထွက်ခွာတိမ်းရှောင်ခြင်းမရှိဘဲ မြို့အတွင်းမှာနေထိုင်နေတဲ့ ဒေသခံများကိုလည်း နောက်ဆက်တွဲဖြစ်ပေါ်လာမယ့်ပြဿနာများကို လုံးဝ တာဝန်ယူမှာမဟုတ်ကြောင်းလည်း ပြောထားပါတယ်။
ဒါ့အပြင် စစ်တပ်က KIA ထိန်းချုပ်ထားတဲ့ ဗန်းမော်ဘက်ခြမ်းကနယ်မြေတွေကို ပြန်သိမ်းနိုင်ဖို့ စစ်အင်အားတွေဖြည့်တင်းပြီး ပြင်ဆင်နေတယ်လို့ ဒေသခံတွေအကြား ပြောဆိုမှုတွေရှိနေတာလည်းဖြစ်ပါတယ်။
KIA ရဲ့ထုတ်ပြန်မှုနောက်ပိုင်း ရွှေကူမြို့ကနေ ထွက်ခွာဖို့သတိပေးမှုတွေကြောင့် မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းများထံ တိမ်းရှောင်လာသူ ရွှေကူဒေသခံတွေရှိနေတယ်လို့ စခန်းအတွင်းနေထိုင်ခိုလှုံနေသူများထံမှ သိရပါတယ်။
ဒီလိုထွက်ခွာတိမ်းရှောင်ရာမှာလည်း တော်လှန်-လမ်းကူး-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြရမှာဖြစ်ပြီး ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးတို့ကို KIA ကဖြတ်သန်းခွင့် ပိတ်ပင်ထားပါတယ်။
စစ်တပ်ဘက်ကနေလည်း ၎င်းတို့ထိန်းချုပ်ထားနိုင်တဲ့ ရွှေကူမြို့ပေါ်နဲ့ အနီးတစ်ဝိုက်ကဒေသတွေကို စစ်အုပ်ချုပ်ရေးအရေးပေါ် အခြေအနေ ကြေညာထားတာလည်းဖြစ်ပါတယ်။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့သိမ်းတိုက်ပွဲတွေကြောင့် ဒေသခံအများအပြားဟာ နေရပ်ဇာတိများနဲ့ ဝေးကွာပြီး ခက်ခက်ခဲခဲ စားဝတ်နေရေးရှာဖွေနေရသူတွေလည်း အများအပြားရှိလာနေတာကြောင့် မြို့သိမ်းတိုက်ပွဲကို မဖော်ဆောင်သင့်ဘဲ ရပ်ဆိုင်းသင့်ကြောင်း ကျားနီပါတီက ထည့်သွင်းပြောထားပါတယ်။
ရွှေကူမြို့နယ်မှာ လူဦးရေတစ်သိန်းနီးပါးနေထိုင်ကြပြီး ရှမ်းနီနဲ့ ဗမာတိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြတဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။
