Mytel ကို ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ရုပ်သံပြသခွင့်ပေးမှုအပေါ် ဖီဖာကို JFM အပြစ်တင်

 

ဇွန် ၁၂ ၊ ဖီဖာ 

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ရုပ်သံပြသခွင့်ကို မြန်မာနိုင်ငံအတွက် Mytel ကရရှိပြီးတဲ့နောက် justice for Myanmar အဖွဲ့က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ 

ဖီဖာဟာ အခုတစ်ကြိမ်မှာလည်း လူ့အခွင့်အရေးဆိုင်ရာကြိုတင်စီစစ်မှုကင်းမဲ့ခြင်းနဲ့ လူ့အခွင့်အရေးကို လုံးဝလျစ်လျူရှူခြင်းဖြစ်ပြီး လုံးဝလက်ခံနိုင်ဖွယ်ရာမရှိဘူးလို့ဆိုပါတယ်။ 

ဒါ့အပြင် ဖီဖာဟာ Max Myanmar ပိုင်ရှင်လည်းဖြစ် မြန်မာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌလည်းဖြစ်တဲ့ ဦးဇော်ဇော်ကိုလည်း လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဌအဖြစ် ခန့်အပ်ထားပြီး ဒီလိုလုပ်ရပ်တွေဟာ အဓိပ္ပါယ်မဲ့ပြီး မနှစ်မြို့ဖွယ် ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ JFM က ဆိုပါတယ်။ 

ဖီဖာက မြန်မာစစ်တပ်အပြင် ခရိုနီသူဌေးတွေနဲ့ ပူးပေါင်းဆက်ဆံမှုတွေကို ရပ်တန့်ရမှာဖြစ်သလို လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေနဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေကိုလည်း လက်တွေ့ကျကျလိုက်နာရမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

အခု ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုပ်သံပြသခွင့်စျေးနှုန်းအဆမတန်မြင့်တက်ခဲ့တာကြောင့် နောက်ဆုံးအချိန်ရောက်မှ သဘောတူညီမှုအသီးသီးရရှိတာလည်းဖြစ်ပါတယ်။ 

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မက္ကဆီကိုနိုင်ငံမှာ ဖွင့်ပွဲကို မနေ့ညက ပြုလုပ်ခဲ့ပြီး သောင်းနဲ့ချီတဲ့ပရိတ်သတ်တွေနဲ့အတူ ကမ္ဘော့နာမည်ကျော် အဆိုတော်တွေလည်း ဖျော်ဖြေခဲ့ကြပါတယ်။ 

မနေ့က ဖွင့်ပွဲမှာ  မက္ကဆီကို နဲ့ တောင်အာဖရိက အသင်းတို့ စတင်ယှဉ်ပြိုင်ကြပြီး ၂ ဂိုး ၊ ဂိုးမရှိနဲ့ အိမ်ရှင်အသင်းက အနိုင်ငံရရှိခဲ့ပါတယ်။ 

ဒီနေ့ မနက်ပိုင်းမှာလည်း တောင်ကိုးရီးယားအသင်း နဲ့ ချက် အသင်းတို့ယှဉ်ပြိုင်မှုမှာ တောင်ကိုးရီးယားက ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိထားပါတယ်။ 

ကမ္ဘာ့ဖလားသမိုင်းတစ်လျောက် ပထမဆုံးအကြိမ်အဖြစ် သုံးနိုင်ငံပေါင်းပြီးကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး  မက္ကဆီကို၊ ကနေဒါ၊ အမေရိကန်နိုင်ငံ သုံးနိုင်ငံမှာကျင်းပသွားမှာပဲဖြစ်ပါတယ်။ 

ဒါ့အပြင် ဘောလုံးအသင်းတချို့၊ ဒိုင်တချို့တွေဟာ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ခံရမှုတွေ နဲ့ ပွဲကြည့်ခွင့် လက်မှတ်စျေးနှုန်းတွေ အဆမတန်မြင့်တက်မှုတွေဟာလည်း ဖွင့်ပွဲမတိုင်မှီမှာဖြစ်ပွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *