ဟုမ္မလင်းမြို့မှာ Placement Test အရည်အချင်းစစ် စာမေးပွဲ ကျင်းပ

ဟုမ္မလင်းမြို့နယ်အတွင်းမှာ Placement Test ဖြေဆိုနေကြစဉ်/ SNV

ဇွန် ၁၅ ၊ ဟုမ္မလင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းပြင်ပရောက်ကလေးများ   ကျောင်းထံပြန်လည်ရောက်ရှိရေး Placement Test အရည်အချင်းစစ် စာမေးပွဲကို ဇွန်လ ၁၅ ရက် နံနက် ၉ နာရီမှ စတင်ကျင်းပခဲ့တယ်လို့ ကျောင်းသူကျောင်းသားများထံမှသိရှိရပါတယ်။

အဆိုပါ စာမေးပွဲကို အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစပြီး ကျောင်းပြင်ပကို ရောက်ရှိခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများကို  သူတို့ရဲ့ ပညာအရည်အချင်းနဲ့အသက်အရွယ်အလိုက် သင့်လျော်အတန်းများမှာ ပြန်လည်တက်ရောက်သင်ယူနိုင်စေရန် ရည်ရွယ်ပြီး စီစဉ်တာလို့ဆိုပါတယ်။

ဟုမ္မလင်းမြို့နယ်တွင် အထက(၁) ဟုမ္မလင်း၊ မူလွန်(အမက-၁)၊ အလက(ခွဲ) အမက(၂) နဲ့အလက(ဟုမ္မလင်း) စတဲ့ စာစစ်ဌာန (၄) ခုမှာ စာမေးပွဲကျင်းပခဲ့ပြီး ဖြေဆိုဖို့ စာရင်းပေးထားတဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁,၀၆၂) ဦးရှိတယ်လို့သိရပါတယ်။

ဒီထဲက မူလတန်းအဆင့် Grade-1 မှ Grade-5 အထိ ကျောင်းသား/သူ (၇၀၉) ဦးနဲ့အလယ်တန်းအဆင့် Grade-6 ကနေ Grade-8 အထိ ကျောင်းသား/သူ (၃၀၇) ဦး စုစုပေါင်း (၁,၀၁၆) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ပျက်ကွက်သူ (၄၆) ဦးရှိပါတယ်။

မိမိအသက်အရွယ်အရ တက်ရောက်သင်ယူရမယ့် အတန်းရဲ့ တစ်ဆင့်နိမ့် အတန်း Placement Test ကို ဖြေဆိုရမှာဖြစ်ပြီး တစ်ဆင့်နိမ့် အတန်းကို တက်ရောက်လိုပါကလည်း အဲဒီအတန်းရဲ့ တစ်ဆင့်နိမ့် အတန်းကို ဖြေဆိုရမှာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ Placement Test ကျရှုံးပါက  ဖြေဆိုတဲ့အတန်းကိုသာ တက်ရောက် ပညာသင်ယူရမှာ ဖြစ်ပြီး ဖြေဆိုတဲ့အတန်းနဲ့ မွေးသက္ကရာဇ်အရ အသက်ကိုက်ညီမှု ရှိရမှာဖြစ်ပါတယ်။

Placement Test ဖြေဆိုနိုင်ဖို့အတွက် အသက်(၁၅)နှစ်မကျော်လွန်ရဘဲ အခြေခံပညာစာသင်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနဲ့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှာ တက်ရောက်ခဲ့ဖူးသူတွေ ပါဝင်နိုင်ပါတယ်။

နည်းတူ အခုနိုင်ငံတစ်ဝန်းက အစိုးရစာသင်ကျောင်းတွေမှာ ဝင်ရောက်ဖြေဆိုနေကြသူအများအပြားရှိနေပြီး ဖြေဆိုအောင်မြင်သူစာရင်းတွေကို  ဇူလိုင်(၁)ရက်နေ့မှာ  ကြေညာသွားမှာဖြစ်သလို အောင်မြင်ပါကအစိုးရစာသင်ကျောင်းတွေမှာသာ တက်ရောက်ကြရမှာလည်း ဖြစ်ပါတယ်။ 

အခု တက်ရောက်နေဆဲကျောင်းသား/သူတွေကိုတော့  ခတ္တကျောင်းပိတ်ရက် (၉)ရက်ခွင့်ပေးထားပြီး ၎င်းတို့ကိုလည်း Placement Test ဖြေဆိုသူများပြီးဆုံးပါက ကျောင်းပြန်လည်ဖွင့်လှစ်ပေးကာ အစားထိုးကျောင်းတက်ရက်တွေ စီစဉ်သွားမှာဖြစ်ကြောင်း ကျောင်းသား/သူများထံမှ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *