
ဇွန် ၁၅ ၊ နေပြည်တော်
ပြည်တွင်းခရီးစဉ် လေကြောင်းလိုင်းတွေရဲ့ လက်မှတ်ခနှုန်းထားတွေကို သတ်မှတ်စျေးထက်ပိုရောင်းချနေ သူတွေကို အရေးယူတော့မယ်လို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဇွန်လ ၁၄ ရက်မှာ အသိပေးလာပါတယ်။
ခရီးသည်တွေအနေနဲ့ လေကြောင်းလိုင်းများရဲ့ သတ်မှတ်ဈေးနှုန်းထက် ပိုဝယ်ယူခဲ့ရရင် သက်ဆိုင်ရာလေကြောင်းလိုင်းများထံသို့ တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ဆိုထားပါတယ်။
အဲဒီလို တိုင်ကြားရာမှာ လက်မှတ်ဝယ်ယူခဲ့သည့်ရက်စွဲ၊ ခရီးစဉ်အချက်အလက်များ၊ Booking PNR (သို့မဟုတ်) Ticket အမှတ်၊ ဝယ်ယူခဲ့သည့်အရောင်းကိုယ်စားလှယ် (Agent) အမည်၊ ဝယ်ယူခဲ့ရတဲ့ဈေးနှုန်းနဲ့ ငွေပေးချေထားတဲ့အထောက်အထားများကို တိကျစွာ ပူးတွဲတင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာမြန်မာနိုင်ငံအထက်ပိုင်းဒေသတွေကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေဟာ လက်မှတ်စျေးနှုန်းခတွေအဆမတန်မြင့်တက်နေပြီး ပွဲစား၊ Goal Show များမှသာ လက်မှတ်တွေရရှိနေတာလို့ စုံစမ်းသိရှိရပါတယ်။
မြစ်ကြီးနားမြို့၊ ဟုမ္မလင်းမြို့များမှာ လက်မှတ်များကိုတစ်ဆင့်ခံ မှောင်ခိုဈေးကွက်များတွင်သာ ရရှိနိုင်ပြီး တစ်စောင်ကို သိန်းဆယ်ချီ ပေးဝယ်နေရတာလည်း ဖြစ်ပါတယ်။
မှောင်ခိုဈေးကွက်များ ပေါ်လာပြီးနောက်ပိုင်း ပုံမှန်သတ်မှတ်နှုန်းထားအတိုင်း ဝယ်ယူသူခရီးသွားများမှာ လက်မှတ်ရဖို့ ကြံကြာမှုများနဲ့ အချိန်လချီကြာမြင့်မှုများကြုံနေရတယ်လို့သိရပါတယ်။
မြစ်ကြီးနားမြို့ရှိ ခရီးသွားဒေသခံများက သက်ဆိုင်ရာလေကြောင်းလိုင်း တာဝန်ရှိသူများကို အခုလိုမှောင်ခိုဈေးကွက်ကို စနစ်တကျ ကြပ်မတ်ပေးပြီး အရေးယူပေးဖို့ကို မေလ အစောပိုင်းက တောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ကပြည်တွင်းလေယာဉ်ခရီးစဉ်များမှာ လောင်စာဆီစရိတ်တိုးမြှင့်လာခြင်းကြောင့် ခရီးအကွာအဝေးများအလိုက် အချို့လေယာဉ်ခရီးစဉ်စရိတ်များ တိုးမြင့်လာခြင်းဖြစ်တယ်လို့ လေကြောင်းဌာနများက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
