
ဇွန်(၁၉)၊ မိုင်းလား
ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ မိုင်းလားတပ်ဖွဲ့ (NDAA)က တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဖြစ်တဲ့ နိုင်ငံရေးရည်မှန်းချက်ကို ထားရှိထားတယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC)ကို ပြောဆိုခဲ့ပါတယ်။
ဇွန်လ(၁၇)ရက်နေ့မှာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ပါဝင်တဲ့ (NSPNC)အဖွဲ့က ၎င်းတို့ မိုင်းလားအထူးဒေသ(၄)ကို လာရောက်ခဲ့ပြီးတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ချိန်မှာ (NDAA) ကထည့်သွင်းပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဆွေးနွေးပွဲမှာ (NSPNC)က ငြိမ်းချမ်းရေးကိုအဓိကထားဆွေးနွေးခဲ့ကြပြီး ဒေသတွင်းဘိန်းစိုက်ပျိုးရေးကို တိုက်ဖျက်ကာ အစားထိုးသီးနှံစိုက်ပျိုးခြင်းအပြင် နှစ်ဖက်အပြန်အလှန် ယုံကြည်မှုတိုးမြှင့်ရေးကိစ္စရပ်များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး နဲ့ အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
နောက်ထပ်” ဝ” တပ်ဖွဲ့(UWSA) နဲ့လည်း မနေ့က ဇွန်(၁၈)ရက်နေ့မှာ (NSPNC) က ရှမ်းပြည်နယ်ရှိ ” ဝ ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ပန်ဆန်းမြို့မှာ လာရောက်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ WSTV က ဖော်ပြထားပါတယ်။
“ဝ” တပ်ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးရေးမှာလည်း ငြိမ်းချမ်းရေး၊စည်းလုံးညီညွှတ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးတို့ကို အဓိကဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
ဒီလိုနှစ်ဖွဲ့ကို သီးခြားစီရက်ဆက်တွေ့ဆုံခဲ့မှုတွေဟာ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ခြင်းတွေဖြစ်တယ်လို့ လက်နက်ကိုင်နှစ်ဖွဲ့စလုံးက ဆိုထားကြပြီး သူတို့နှစ်ဖွဲ့ဟာ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်(၁၂)ရက်နေ့ကလည်း အဖွဲ့ဝင်ဖြစ်တဲ့ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီးဖြစ်ပြီး တစ်လအတွင်းမှာ (FPNCC) အဖွဲ့ဝင် သုံးဖွဲ့နဲ့တွေ့ဆုံခဲ့တာပါ။
(FPNCC) အဖွဲ့ထဲမှာ ရခိုင်တပ်ဖွဲ့ အာရက္ခတပ်တော်(AA)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ အခုသုံးဖွဲ့တို့ပါဝင်တဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် (၂၀၁၅)ခုနှစ်မှာ ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။
