မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ဖားကန့်-ကာမိုင်းလမ်းပိုင်းပိတ်နေ

ဇွန် ၂၂ ၊ ဖားကန့်

ဖားကန့်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ဖားကန့်-ကာမိုင်းသွားကားလမ်းမှာ တောင်ကမ်းပါးပြိုကျမှုများဖြစ်ပေါ်ကာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားနေတယ်လို့  ဒေသခံများထံမှ သိရပါတယ်။

ဒီကနေ့ဇွန် ၂၂ ရက်မှာ ဖြစ်ပွားတာဖြစ်ပြီး တောင်ကမ်းပါးရံများ ပြိုကျမှုများကြောင့် လမ်းတစ်လျှောက် ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်နိုင်ရန်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိတွင် အဲဒီလမ်းပေါ်ရှိ အတက်၊ အဆင်းမော်တော်ကားများကို ယာယီဖြတ်သန်းခွင့်များ   ပိတ်ပင်ထားတယ်လို့  စုံစမ်းသိရှိရပါတယ်။

မနေ့က ဇွန် ၂၁ ရက်နေ့မနက်ပိုင်းမှာ ဖားကန့်မြို့ အေးမြသာယာရပ်ကွက်ထဲ နေအိမ်တစ်လုံးပေါ်မြေပြိုကျကာ နေအိမ်အတွင်းနေထိုင်နေတဲ့ အသက်(၅၀) ဝန်းကျင် အမျိုးသားတစ်ဦး မြေပိပျောက်ဆုံးနေပြီး လူမှုကူညီရေးအသင်းများက ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဥရုချောင်းရေလျှံတက်လာပြီး အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဖားကန့်မြို့ပေါ်ရပ်ကွက်များနဲ့ မှော်ဝမ်းရပ်ကွက်ဘက်မှာလည်း မြေနိမ့်ပိုင်းများရေကြီးနေတဲ့အပြင် မြေပြိုကျမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ ဂရုစိုက် သွားလာကြဖို့ကို လူမှုကွန်ရက်စာမျက်နှာများမှာ အချင်းချင်းသတိပေး ပြောဆိုနေကြတာပါ။

ယခုချိန်ထိ ရေဘေးသင့် အိမ်ထောင်စုဦးရေ ၈၀ ဝန်းကျင် ရှိနေပြီဖြစ်ပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ ကုန်းမြင့်ပိုင်း ရေလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မိုးရွာသွန်းမှုဟာ တစ်လဝန်းကျင်ကြာမြင့်နေပြီဖြစ်ပြီး စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းကာ နေရာတလျှောက်မှာ မိုးရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုကြဖို့ကို  မိုး/ဇလဌာန ကကြိုတင်အသိပေးထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *