
ဇွန် ၂၃၊ မြစ်ကြီးနား
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ရှမ်းမျိုးနွယ်စုစစ်ရှောင်စခန်းများမှာ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေတာ ရက်သတ္တပတ်ကြာမြင့်လာခဲပြီလို့လည်းသိရပါတယ်။
“ လောလောဆယ် အိမ်ထောင်စု ၃၅ ကျော် ၄၀ လောက်ကတော့ စားနပ်ရိက္ခာပြတ်လတ်ပြီးအရေးပေါ်အခြေအနေရောက်တယ်။ သူတို့ကနေစရာမရှိဘူးလေ ရေတွေမြုပ်ကုန်လို့လေ” လို့ သူကဆိုပါတယ်။
ဇွန်လ ဒုတိယပတ်ထဲကစလို့ မိုးသည်းထန်ပြီး ဧရာဝတီမြစ်နဲ့ ချောင်းရေများမြင့်တက် လာမှုကြောင့်မြို့အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေလည်း ရေဝင်ရောက်လာပြီး ယနေ့အထိ ရေဝပ်နေပြီး လျော့ကျသွားခြင်းမရှိဘူးလို့ သိရပါတယ်။
လက်ရှိမှာ စစ်ရှောင်သုံးပုံနှစ်ပုံဝန်းကျင်ဟာ ရေလွတ်ရာဖြစ်တဲ့ ကုန်းပေါ်မှာယာယီတဲထိုးကာ စုပြီးနေကြရတာဖြစ်ပြီး ဒေသတွင်းအဖွဲ့အစည်းများတွေထံကို အကူအညီပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုထားပါတယ်။
အဲဒီရှမ်းမျိုးနွယ်စုစစ်ရှောင်စခန်းက ရေဘေးသင့်စစ်ရှောင်ပြည်သူများကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၅၆၅ က ဆန်အိတ် ၁၅ အိတ်နဲ့ ငွေကျပ် သိန်း ၂၀ ကို မနေ့က ဇွန် ၂၃ ရက်၊နေ့လည် ၁၂ နာရီမှာ လာရောက်ထောက်ပံ့သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စခန်းအတွင်းရှိ ပြိုကျပျက်စီးသွားတဲ့အဆောက်အအုံများကို ပြန်လည်တည်ဆောက်ပေးပြီး လိုအပ်သည်များကို လုပ်ဆောင်ပေးသွားတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၂၂ ရက်ကလည်း လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောအဆောက်အအုံများကိုပြုပြင်ဖို့ ဒေသအတွင်းရှိ သက်ဆိုင်ရာအစိုးဌာနများက ယာယီမိုးကာနဲ့ ဝါးများကို လာရောက်ထောက်ပံ့သွားတာလည်းဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ စခန်းမှာ ဗန်းမော်မြို့နယ်နဲ့ ဆင်ဘိုမြို့၊ စံကင်းကျေးရွာ ၊ တာလောကြီးကျေးရွာက ရှမ်းစစ်ရှောင်များနေထိုင်ကာ အိမ်ထောင်စု ၁၂၄ စုနဲ့ လူဦးရေ ၄၈၆ ဦးရှိပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစကာ စစ်ဘေးတိမ်းရှောင်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
