PLA တပ်စခန်းတွေကို NUG က  စီးနင်းခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန်အပြစ်တင် 

PLA ရဲဘော်များကို သင်တန်းဆင်းပွဲတစ်ခုတွင်တွေ့ရစဉ်/ Credit_PLA Facebook Page

ဇွန်(၂၃)၊ မြင်းခြံ

မြင်းခြံခရိုင်က NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နဲ့   ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တို့ နှစ်ဖွဲ့အကြား ပဋိပက္ခများဖြစ်ပွားနေပြီး ဇွန်လ(၂၁)ရက်နေ့မှာ PLA တပ်စခန်းများစီးနင်းခံလိုက်ရကြောင်း နှစ်ဦးနှစ်ဖက်ထုတ်ပြန်မှုတွေအရ သိရပါတယ်။

PLA တပ်ဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ခရိုင်အတွင်းမှ ထွက်ခွာဖို့စေခိုင်းခဲ့ပြီး မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့နဲ့ PDF တပ်ဖွဲ့များက တောင်သာမြို့နယ်အတွင်းရှိ တပ်အင်အား(၅၀၀)ခန့်နဲ့ PLA တပ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခြင်းတွေပြုလုပ်ခဲ့တယ်လို့ PLA ဘက်က ဇွန်(၂၂)ရက်မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ပဋိပက္ခစတင်ဖြစ်ပွားရခြင်းက ပြီးခဲ့တဲ့မေ(၂၆)ရက်နေ့မှာ PLA တပ်ဖွဲ့များက ဒလန်မဟုတ်တဲ့ ဝဲလောင်းကျေးရွာသားတစ်ဦးကို ပိုင်ဆိုင်မှုတွေနဲ့အတူ ဖမ်းဆီးပြီး မိသားစုဝင်တွေကို ကျပ်သိန်းနှစ်ထောင်ဖြင့်ပြန်လည်ခေါ်ယူရန် ငွေကြေးညှစ်ယူတောင်းခံခဲ့တယ်လို့  NUG ဘက်ကလည်း မနေ့က ထုတ်ပြန်ထားပါတယ်။

ဒီလိုကိစ္စကို ပြုလုပ်ခဲ့တာကြောင့် ဖမ်းဆီးထားသူကျေးရွာသားကို ပြန်လည်လွှတ်ပေးဖို့ မြို့နယ်ပကဖက  ဇွန်(၁၉)ရက်နေ့မှာ လူကိုယ်တိုင်သွားရောက်တောင်းဆိုခဲ့ပေမယ့်  PLA က ငြင်းဆန်ခဲ့တယ်လို့  ပြောထားပါတယ်။ 

PLA ဘက်ကလည်း သူတို့ဖမ်းဆီးထားသူဟာ စစ်တပ်ရဲ့ ဝဲလောင်ကျေးရွာစခန်းမှူးထံ တော်လှန်ရေးသတင်းတွေကို သတင်းပေးပို့နေသူ ဒလန်တစ်ဦးဖြစ်ပြီး ငွေကြေးကိုလည်း PLA ဘက်က ညှစ်တောင်းတာမဟုတ်ဘဲ ဖမ်းဆီထားသူရဲ့အမျိုးသမီးက ဆက်သွယ်ပြောကြားလာတာဖြစ်တယ်လို့  ဖြေရှင်းထားပါတယ်။

ဒီငွေကိုလည်း သူတို့တပ်ဖွဲ့ကလက်ခံထားခြင်းမရှိဘဲ ဖမ်းဆီးထားသူကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း  ဒီနေ့ဇွန်(၂၃)ရက်နေ့မှာ  ပြန်လည်ရှင်းလင်းထုတ်ပြန်ထားပါတယ်။

PLA တပ်ဖွဲ့များ ဆုတ်ခွာသွားတဲ့ တပ်စခန်းများကို ဝင်ရောက်စီးနင်းရာမှာ  PDF တပ်ဖွဲ့ဝင်(၄)ဦး မိုင်းပေါက်ကွဲပြီး ကျဆုံးခဲ့သလို တပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။ 

ဒီလို အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲတွေကို ဖော်ဆောင်ပြုလုပ်သွားမှာမဟုတ်ဘဲ  တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ဆွေးနွေးညှိနှိုင်းမှုများသာ ပြုလုပ်လိုကြောင်း PLA ဘက်က ပြောဆိုထားပါတယ်။

PLA တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA/KIO ) ရဲ့ ဌာနချုပ်လိုင်ဇာမှာစတင်ဖွဲစည်းခဲ့ပြီး ကိုးကန့်တပ်ဖွဲ့(MNDAA) က လက်နက်ထောက်ပံ့ပေးခဲ့တဲ့အဖွဲ့ဖြစ်သလို အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များနဲ့ပတ်သက်ပြီး NUG နဲ့အငြင်းပွားမှုတွေဖြစ်ပွားခဲ့ဖူးပါတယ်။  

အခုနှစ်(၂၀၂၆)နှစ်အစပိုင်းမှာလည်း ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နဲ့ NUG တို့  တိုက်ခိုက်မှုတွေနဲ့ပဋိပက္ခဖြစ်ပွားပြီး  တပ်ဖွဲ့ခေါင်းဆောင်စစ်တပ်ထံအလင်းဝင်ရောက်မှုတွေရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *