ရွှေကူမြို့နယ်က ဒေသခံတွေ  စစ်တပ်နဲ့ မပတ်သက်ဖို့ KIA သတိပေး

ရွှေကူလမ်းပိုင်းများ ပိတ်ပင်မှုနောက်ပိုင်း မြစ်ကြီးနားသို့ စစ်ဘေးတိမ်းရှောင်လာသူများရှိ

ဇွန် ၂၄၊ ရွှေကူ

မြို့တွင်းကနေ တိမ်းရှောင်ဖို့ သတိပေးခံထားရတဲ့ ရွှေကူမြို့နယ်က ဒေသခံတွေကို  စစ်တပ်နဲ့ မပတ်သက်ဖို့ နဲ့ သတင်းပေး၊ သတင်းယူတာတွေ မလုပ်ဖို့ KIA တပ်ရင်း(၁၂) က  သတိပေး စာတစ်စောင် ထပ်မံထုတ်ပြန်လာပါတယ်။

မနေ့ ကဇွန် ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး နယ်မြေအတွင်းနေထိုင်နေကြတဲ့ ဒေသခံများအပြင် ရွှေတူးဖော်ရေးလုပ်ငန်းနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေကြသူများကို စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တာ မလုပ်ရဘူးလို့ သတိပေးထားတာပါ။

ဒါ့အပြင်  သူလျှို( ဒလန်) လုပ်ခြင်းများ မပြုလုပ်ဖို့ကိုလည်း စာထဲပါရှိပါတယ်။

စစ်တပ်နဲ့ အရင်ထဲက ပတ်သက်မှုရှိတဲ့သူများကိုလည်း ယခုသတိပေးစာ ထုတ်ပြီးနောက်ပိုင်း ပတ်သက်မှု လုံးဝမလုပ်ဖို့ တားမြစ်ထားပြီး ပတ်သက်ခဲ့ရင်လည်း ထိရောက်စွာအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

“ စာတွေက မလိုအပ်ပဲမထုတ်ပါဘူး။တိုက်ပွဲဖြစ်နိုင်တဲ့ ဧရိယာထဲရှိနေလို့ကြိုတင်ပြင်ဆင်နိုင်ကြဖို့ စာထုတ်ထားတာဖြစ်ပါတယ်။မြို့ထဲထိရောက်မယ် မရောက်ဘူးတော့သေချာပေါက်မပြောနိုင်သေးဘူး။ တိုက်ပွဲဖော်ဆောင်နေရင်း ချက်ချင်းလည်းမြို့ထဲရောက်လာနိုင်တဲ့အနေအထားရှိပါတယ်” လို့   Social Punishment Shwegu ကလည်း အသိပေးထားပါတယ်။ 

အဆိုပါ နယ်မြေအတွင်း KIA+PDF ပူးပေါင်းတပ်များက ဇွန် ၈ ရက်နေ့နေ့နောက်ပိုင်းကစလို့ဒေသအတွင်းလမ်းပိုင်းများ ပိတ်ထားတာရှိသလို မြို့ပေါ်ဒေသခံတစ်ချို့လည်း ဘေးလွတ်ရာကို တိမ်းရှောင်သွားကြပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ရွှေကူမြို့မှာ  ရှမ်းပြည်မြောက်ပိုင်း၊မဘိန်းမြို့ကနေ ရောက်လာတဲ့ စစ်ကြောင်းလေးကြောင်းနဲ့ ဦးတည်လာတဲ့ စစ်တပ်ကို KIA+PDF ပူးပေါင်းတပ်ကတိုက်ခိုက်ရာမှ ငါးအိုးကျေးရွာအနီး သုံးခွဆုံဒေသများမှာ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

KIA ရဲ့မြို့အတွင်းကနေ ထွက်ခွာဖို့အသိပေးထုတ်ပြန်စာကိုတော့  ဒေသခံတွေနဲ့ ရှမ်းနီပါတီတွေက ကန့်ကွက်ထားကြတာရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *