
ဇူလိုင် ၂ ၊ ရန်ကုန်
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး သေဆုံးသူဦးရေ ၁၀၀,၁၁၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ Armed Conflict Location & Event Data (ACLED)ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
ACLED ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံအစိုးရ ဖြုတ်ချခံခဲ့ရသလို နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာခဲ့ပြီး လူသေဆုံးမှုလည်း ဆက်တိုက်မြင့်တက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ACLED ကတော့ သေဆုံးသူအရေအတွက်ကို မီဒီယာအစီရင်ခံစာများနဲ့ အတည်ပြုနိုင်တဲ့ ပဋိပက္ခဖြစ်စဉ်အချက်အလက်တွေကို စုဆောင်းတွက်ချက်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပဋိပက္ခနဲ့ဆက်စပ်တဲ့ သေဆုံးသူဦးရေ တစ်သိန်းကျော်ရှိနေတယ်လို့ ဆိုထားတာပါ။
မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ ဆက်စပ်ပြီး သေဆုံးသူဦးရေကို တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းမရှိသေးဘဲ ခန့်မှန်းတွက်ချက်မှုတွေသာဖြစ်ပြီး ကွဲပြားမှုတွေရှိနေနိုင်တာလည်းဖြစ်ပါတယ်။
လေ့လာသုံးသပ်သူအချို့ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခဟာ အာရှဒေသတွင်းမှာ အသေအပျောက်အများဆုံး လက်နက်ကိုင်ပဋိပက္ခတွေထဲက တစ်ခုဖြစ်လာနေတယ်လို့ သုံးသပ်ထားကြပါတယ်။
ထို့ပြင် ACLEDရဲ့ သတ်မှတ်ချက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ပါလက်စတိုင်းပြီးရင် ကမ္ဘာပေါ်မှာ ပဋိပက္ခဒဏ် ဒုတိယအများဆုံးခံစားရတဲ့ နိုင်ငံဖြစ်ပါတယ်။
ACLED ရဲ့ အကြီးတန်းလေ့လာသုံးသပ်သူ Sun Mon Thant ကလည်း “ဒီပဋိပက္ခဟာ အသက်အန္တရာယ် အလွန်ကြီးမားပြီး အရပ်သားတွေအတွက်လည်း အန္တရာယ်များစွာ ဖြစ်စေသလို နိုင်ငံတစ်ဝန်းကို ဆက်လက်ပျံ့နှံ့နေပါတယ်” လို့ ပြောကြားထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အတွင်း ပါဝင်လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၁,၂၀၀ ကျော်ကို မှတ်တမ်းတင်ထားပြီး ယင်းပဋိပက္ခကို “ကမ္ဘာပေါ်တွင် အစိတ်စိတ်အမွှာမွှာ အဖြစ်ဆုံး ပဋိပက္ခ” အဖြစ် ဖော်ပြထားပါတယ်။
