
ဇူလိုင် ၇ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသနဲ့ ဖားကန့်မြို့နယ်အစပ်ရှိ ဝေလုံကျေးရွာမှာ အရက်မူးနေတဲ့ KIA တပ်သားနှစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သား (၂) ဦးသေဆုံးတဲ့ဖြစ်စဉ်တစ်ခု မနေ့ညက ဖြစ်ပွားခဲ့ပါတယ်။
အရက်မူးပြီး သောင်းကျန်းနေတဲ့ KIA တပ်သားနှစ်ဦးကို ရပ်မိရပ်ဖတွေအပါအဝင် ဒေသခံတွေက သူတို့ရဲ့ ညောင်ထောက်ဂိတ်ကို ပြန်ဖို့သွားရောက်ပြောဆိုရင်း ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာလို့ သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးက ရေးသားထားပါတယ်။
“ တားမရတဲ့အတွက်ကြောင့် ညောင်ထောက်ဂိတ်မာတာဝန်ရှိတဲ့ လူကြီးတွေကိုသွားပြီးအကြောင်းကြားဖို့လုပ်တဲ့ချိန်မှာ သေနတ်နဲ့ (၁၂)ချက်ပစ်ခတ်ခဲ့တာ၊ အဲ့နေရာမှာအမေဆုံးသွားတယ်” လို့ သူမက ရေးသားထားပါတယ်။
သေဆုံးသွားတဲ့သူတွေက အမျိုးသမီး(၁)ဦးနဲ့ အမျိုးသား (၁)ဦးတို့ဖြစ်ကြောင်း သိရပါတယ်။
အမျိုးသမီးက နံရိုးမှာကျည်ထိမှန်ခဲ့သလို နောက်ထပ် အမျိုးသားတစ်ဦးကလည်း လည်ပင်းတဝိုက်ကျည်ထိမှန်ပြီး ဆေးရုံကိုပို့ဆောင်စဉ် သေဆုံးခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ဆူပူနေမှုကို သွားရောက်ဖြန်ဖြေပေးတဲ့ ရပ်မိရပ်ဖဖြစ်သူ ဦးညွှန့်မောင်ကိုလည်း KIA တပ်သားနှစ်ဦးက လက်သီးနဲ့ထိုးကြိတ်တဲ့အပြင် သေနတ်ပစ်ခတ်မှုကြောင့် ကျောမှာကျည်နှစ်ချက်ထိမှန်ခဲ့တာလည်းဖြစ်ပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ KIA တပ်သားထဲက တစ်ဦးကတော့ အဲ့ဒီနားမှာပဲ သေနတ်နဲ့ မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့တာလည်းဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ KIA ဘက်က သတင်းတွေမပျံ့နှံ့စေဖို့အတွက် မိသားစုတွေနဲ့ ဒေသခံတွေကို ဆက်သွယ်ပြောဆိုတာရှိနေပြီး အွန်လိုင်းစာမျက်နှာမှာတင်ထားတဲ့ Post တွေကိုလည်း ပြန်လည်ဖြုတ်ချလိုက်ရတယ်လို့ အင်းတော်ကြီးဒေသခံတွေဆီကနေ သိရပါတယ်။
