ဆဒုံး- ကန်ပိုင်တည် လမ်းပိုင်းမှာ မြေသားပြိုကျမှုဖြစ်ပွားပြီး  လမ်းပိုင်းပိတ်ဆို့နေ 

ဇူလိုင် ၇၊ ဝိုင်းမော်

တရုတ်နယ်စပ် ကန်ပိုင်တည်နဲ့ ဆဒုံးမြို့အကြားမှာ  မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လမ်းပိုင်းများတစ်လျှောက် တောင်ပြိုမှုတွေဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ဒေသခံများထံမှ သိရပါတယ်။ 

ဒီနေ့ ဇူလိုင် ၇ ရက်နေ့ ၊ မနက်ပိုင်းမှာလည်း  ဆဒုံးမြို့အနီးက    “မသူသူ” ထမင်းဆိုင်အကျော်မှာ မြေသား  ပြိုကျခဲ့သလို လမ်းပိုင်းတစ်လျှောက်မှာလည်း ပြိုကျမှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ ပြိုကျသွားတဲ့ နေရာမှာကားကမပါဘူးလွတ်သွားတယ်။  ကားတွေကဟိုဘက်ကိုလွန်သွားပြီးသား အဲ့ဒီတောင်ပြိုတဲ့နေရာမှာပိတ်မိနေတာတော့မရှိဘူး ကန်ပိုင်တည်ကနေပြန်ဆင်းမယ်ဆိုရင်တော့ ပိတ်သွားမှာပေါ့ ဘယ်သူမှတော့မဆင်းရဲဘူး” လို့ ကားသမားများနဲ့ နီးစပ်သူများထံမှသိရပါတယ်။

ဖြစ်ပွားတဲ့နေရာမှာ  ကုန်တင်ကားတချို့ လွတ်သွားပေမယ့်  ကန်ပိုင်တည်ဘက်ကနေ ဝိုင်းမော်ဘက်ကို  မဆင်းရသေးတဲ့ ကားတွေဟာ ပိတ်မိနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ 

လက်ရှိမှာ ဒေသအာဏာပိုင်များက လမ်းပြုပြင်ဖို့ စက်ယန္တရားကြီးတွေနဲ့  အဲဒီနေရာကို ရောက်ရှိနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ကလည်း အဆိုပါလမ်းပိုင်းတစ်လျှောက်က ဝေမိုးကျေးရွာနဲ့ လဖိုင်ကျေးရွာကြားက အနီးတစ်ဝိုက်နေရာမှာ အလားတူတောင်ပြိုမှု ဖြစ်စဉ်ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ယခုမိုးတွင်းကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ကချင်ပြည်နယ်ကနေရာအများစုမှာ ရေကြီးရေလျှံမှု ၊တောင်ကမ်းပါးများပြိုကျမှုတွေနဲ့ မြေပြိုမှုတွေဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *