
ဇူလိုင် ၉ ၊ ဝါရှင်တန်
အမေရိကန် စစ်တပ်ဟာ အီရန်အပေါ်တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ခဲ့ပြီး စစ်ပွဲတွေဆီကို အပြည့်အဝ ဦးတည်ရောက်ရှိလာမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန် နှစ်ဖက်လုံးက ပြီးခဲ့တဲ့ ဇွန်လလယ်မှာ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်တွေကိုလက်မှတ်ရေးထိုးပြီးတဲ့နောက် အပြင်းထန်ဆုံး စစ်ရေးတိုက်ခိုက်မှုတွေလည်းဖြစ်ပါတယ်။
အီရန်အရှေ့ပိုင်းမြို့တွေဖြစ်တဲ့ အီရန်ရှာရ်၊ ဘန်ဒါအဘက်စ်၊ ကိုနာရက်၊ ချာဘာဟာနဲ့ ဘူရှီရ်အပြင် အီရန်အရှေ့မြောက်ပိုင်းရှိ အာ့ခ်ကွာလာတို့ကို အမေရိကန်က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က အီရန်ရဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း ကူးသန်းသွားလာနေတဲ့ ကုန်သင်္ဘောများနဲ့ အရပ်သားရေယာဉ်တွေကို တိုက်ခိုက်နိုင်စွမ်း လျော့ကျစေဖို့ ရည်ရွယ်ပြီး နောက်ထပ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အီရန်ကမ်းရိုးတန်းတစ်လျှောက်ရှိ လေကြောင်းကာကွယ်ရေးစနစ်များ၊ ကမ်းရိုးတန်းစောင့်ကြည့်ရေးပိုင်ဆိုင်မှုများ၊ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရုံများ၊ ရေတပ်စွမ်းရည်များနဲ့ စစ်ရေးထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံများ အပါအဝင် အီရန်စစ်ရေးပစ်မှတ် ၉၀ ကို ထိမှန်ခဲ့ကြောင်း CENTCOM က ဆိုပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုများအပြီး နာရီပိုင်းအကြာမှာပဲ ဘာရိန်းမှာ လေကြောင်းတိုက်ခိုက်မှု ဥဩသံများ ထွက်ပေါ်လာခဲ့ပြီး ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံ့လေကြောင်းကာကွယ်ရေးတွေဟာ ရော့ကတ်နဲ့ ဒရုန်းတိုက်ခိုက်မှုများကို ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်က ကူဝိတ်နိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းနှစ်ခုနဲ့ ဘာရိန်းရှိ စစ်စခန်း နှစ်ခုကို တိုက်ခိုက်ခဲ့ပြီး အမေရိကန်ရဲ့တိုက်ခိုက်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် အနာဂတ်တုံ့ပြန်မှုတွေအနေနဲ့ ဒေသတွင်းရှိ အခြားအမေရိကန်အခြေစိုက်စခန်းတွေကို တိုးချဲ့တိုက်ခိုက်မယ်လို့ဆိုပါတယ်။
အီရန်ရဲ့ နျူကလီးယားအစီအစဉ် အနာဂတ်နဲ့ Hormuz ရေလက်ကြား စီမံခန့်ခွဲမှုတွေ ပိုမိုကိုင်တွယ်ရခက်တဲ့ ကိစ္စရပ်တွေကို ရက်ပေါင်း ၆၀ ညှိနှိုင်းမှုကာလအတွင်း ဆုံးဖြတ်ဖို့ သဘောတူထားခဲ့ကြတာပါ။
Bloomberg News ရဲ့ အဆိုအရ အမေရိကန်ရဲ့ အီရန်ကို နှစ်ရက်ဆက်တိုက် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေကြောင်းသွားလာမှုမှာ အားလုံးနီးပါး ရပ်တန့်သွားခဲ့ပါတယ်။
ကုန်တင်သင်္ဘော ၁၄ စင်းခန့်ဟာ မနေ့က ရေလက်ကြားကို နှစ်ဖက်စလုံးမှ ဖြတ်ကျော်ခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့မှာ အမေရိကန်-အီရန် နားလည်မှုစာချွန်လွှာ ချုပ်ဆိုပြီးနောက်ပိုင်း ဖြတ်သန်းမှု အနည်းဆုံး အခြေအနေတစ်ခုလည်းဖြစ်ပါတယ်။
နှစ်နိုင်ငံကြားကာလသဘောတူညီချက်ရရှိပြီး သုံးပတ်အတွင်း ရေလက်ကြားကို ပျမ်းမျှအားဖြင့် သင်္ဘော ၃၄ စင်း ဖြတ်သန်းခဲ့တာလည်းဖြစ်ပါတယ်။
