
ဇူလိုင် ၁၅ ၊ ထိီးချိုင့်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့ပေါ်ရပ်ကွက်တချို့မှာ စစ်ဘေးရှောင်ပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်မှုတွေရှိနေပြီဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးထိခိုက်ပျက်စီးခဲ့ပေမယ့်လည်း စစ်တပ်က မြို့ကို ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်ဖို့အတွက် ဆောင်ရွက်နေပြီဖြစ်တယ်လို့ ဆိုကြပါတယ်။
“ မြို့ကိုတော့ဝင်ကြပြီ။ အမှတ် ၄ ရက်ကွက်၊ အမှတ် ၃ ရက်ကွက် အမှတ်၂ ရက်ကွက်မှာတော့ တစ်ချို့ပြန်ဝင်နေကြတယ်။ ဒါပေမယ့်မလုံခြုံဘူး။ မိုင်းတွေကမရှင်းရသေးဘူး။ မိုင်းတွေတွေ့ရင်တော့ စစ်တပ်ကိုသွားပြောရတယ်လို့” မြို့အတွင်းဝင်ရောက်နေထိုင်သူ ဒေသခံတစ်ဦးက ပြောပါတယ်။
ထီးချိုင့်မြို့ဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှာ တော်လှန်ရေးပူပေါင်းတပ်များဝင်ရောက်တိုက်ခဲ့ပြီး နှစ်နှစ်ကျော်ကြာတဲ့ တိုက်ပွဲမှာ မြို့လုံးကျွတ်နီးပါးထိခိုက်ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။
မြို့ပေါ်ရပ်ကွက်မှာ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ မဆောင်ရွက်နိုင်သေးပဲ နယ်မြေလုံခြုံမှုတွေ မရှိသေးတာကြောင့် ပြည်သူတွေ ပြန်ဝင်ဖို့ခက်ခဲနေတယ်လို့သိရပါတယ်။
” တစ်ချို့ကလည်းပြောနေကြတယ် ပြန်မဝင်ကြနဲ့ မြို့ကို ဝင်ပြီးနေတဲ့သူတွေကို တော်လှန်ရေးဘက်က အရေးယူမယ်လို့ပြောကြတယ်။နောက်ပြီးမြို့ကိုပြန်တိုက်မယ်လို့ပြောသံတွေကကြားနေရတယ်။ဒါကြောင့် လုံခြုံမှုတွေမရှိဘူးလို့တွေးမိလို့ မပြန်ကြသေးတာပါ” လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
မြို့ကိုစွန့်ခွာပြီးစစ်ဘေးရှောင်နေရတဲ့ သူတွေဟာ အခုဆို ၃ နှစ်နီးပါးကြာမြင့်ခဲ့ပြီလို့လည်းသိရပါတယ်။
ထီးချိုင့်မြို့ကို ပြီးခဲ့တဲ့ မေလမှာ အုပ်ချုပ်ရေး၊ ပညာရေး ၊ကျန်းမာရေး စတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကို ပို့ဆောင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရေး စစ်တပ်က လုပ်ဆောင်ခဲ့ပါတယ်။
ထီးချိုင့်စစ်ဘေးရှောင်တွေဟာ မန္တလေးမြို့၊ စစ်ကိုင်း၊ မုံရွာမြို့၊ ပုသိမ်ကြီးမြို့၊ရန်ကုန်မြို့ စတဲ့မြို့အသီးသီးမှာစစ်ဘေးရှောင်နေရတာလည်းဖြစ်ပါတယ်။
