
ဇူလိုင် ၁၄၊ နေပြည်တော်
ပြည်ပမှဝင်လာသူတွေရဲ့ ဖုန်းတွေမှာ မှတ်ပုံမတင်ရသေးရင် IMEI နံပါတ်ကို မဖြစ်မနေပေးရမယ်လို့ CEIR နဲ့ EIR စနစ်စီမံကိန်းဦးစီးဌာနက ဒီကနေ့ ဇူလိုင် ၁၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်လာတဲ့ ခရီးသည်တွေဟာ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR) မှာ မှတ်ပုံမတင်ထားရသေးသူတွေဟာ လေဆိပ်အကောက်ခွန်ကောင်တာမှာ နိုင်ငံတကာသက်သေခံ ကုတ် (IMEI )နံပါတ်မဖြစ်မနေပေးရမယ်လို့ဆိုပါတယ်။
ရန်ကုန်၊ နေပြည်တော်၊ မန္တလေး လေဆိပ်များအပြင် နယ်စပ်များနဲ့ ပင်လယ်ရေကြောင်းမှ ဝင်ရောက်လာတဲ့ ခရီးသည်တိုင်းလိုက်နာဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါတယ်။
မိမိမိုဘိုင်းလက်ကိုင်ဖုန်းအပြင် အပိုသယ်ဆောင်လာသောဖုန်းပါရှိပါက CEIR မှတ်ပုံမတင်ရသေးရင် လေဆိပ်အကောက်ခွန်ကောင်တာမှာ Passenger Declaration Form (PD Form) နဲ့ ကြေညာရမှာဖြစ်ပြီး တစ်ဆက်ထဲ IMEI နံပါတ်ကိုလည်း မဖြစ်မနေ ထည့်သွင်းရမှာဖြစ်ပါတယ်။
ဖုန်းမှတ်ပုံတင်နိုင်ဖို့အတွက် CEIR OSS အဖွဲ့ထံလာရောက်လျှောက်ထားနိုင်ကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
မှတ်ပုံတင်ခွင့်လျှောက်လွှာ၊ ပက်စပို့(မိတ္တူ)ရဲ့ ဓာတ်ပုံပါတဲ့ရှေ့စာမျက်နှာနဲ့ လေဆိပ် လဝက ကနေ ဝင်ရောက်လာတဲ့ ရက်စွဲပါတဲ့စာမျက်နှာ၊ Boarding Pass နဲ့ လေယာဉ်လက်မှတ်ကို မူရင်းရော မိတ္တူပါ ပေးရမယ့်အပြင် PD Form မူရင်းနဲ့အတူ CEIR စနစ်ဖြင့်မှတ်ပုံတင်ဖို့ လျှောက်ထားရမှာပါ။
PD Form ကြေညာထားတဲ့ ရက်ပေါင်း ၃၀ အတွင်းလျှောက်ထားရမှာဖြစ်ပြီး ကျသင့်တဲ့အခွန်ပေးသွင်းရမှာဖြစ်တယ်လို့သိရပါတယ်။
သတ်မှတ်ထားတဲ့ အဲဒီရက်ပေါင်း (၃၀) အတွင်းလျှောက်ထားခြင်းမရှိပဲရက်ကျော်ရင် CEIR အတွက် အခွန်ရောဒဏ်ကြေးပါပေးဆောင်ရမှာဖြစ်ပါတယ်။
ခရီးသည်တစ်ဦးကို ပထမဆုံးအကြိမ် PD Form ကြေညာတဲ့နေ့ကနေ တစ်နှစ်အတွင်းမှာ လက်ကိုင်ဖုန်း(၂) လုံးသာ မှတ်ပုံတင်ခွင့်ရနိုင်ပြီး ပြည်တွင်းပြည်ပ သယ်ဆောင်ခွင့်မှာလည်း မိမိလက်ရှိဖုန်းအပါအဝင် ဖုန်းနှစ်လုံးသာ ခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။
ယခုနှစ် ၂၀၂၆ ခုနှစ်မှစပြီး ပြည်တွင်းမှာဖုန်းဝယ်မယ်ဆိုရင် ဖုန်းတန်ဖိုးရဲ့ ၁၂ ရာခိုင်နှုန်းကိုအခွန်အဖြစ်ပေးဆောင်ရမှာဖြစ်ပြီး ပြည်ပကနေ ဝယ်ယူမယ်ဆိုရင်တော့ အခွန် ၁၂ ရာခိုင်နှုန်းအပြင် ဒဏ်ကြေးပါပေးဆောင်ရမှာဖြစ်တယ်လို့ လူမှုကွန်ရက်များမှာ ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဒီလိုလုပ်ဆောင်မှုတွေဟာ ပြည်ပကနေ ဖုန်းဝယ်ယူတင်သွင်းမှုတွေကို တင်းကျပ်လာတယ်ဆိုတဲ့ သဘောလို့ ဝေဖန်မှုတွေရှိနေတာပါ။
ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ထဲကနိုင်ငံအတွင်းကဖုန်းသုံးစွဲသူတိုင်းကို မတ်လ ၃၁ မှာနောက်ဆုံးထားပြီး CEIR စနစ်မှတ်ပုံတင်ဖို့နဲ့ ဧပြီလရောက်လို့မှမှတ်ပုံမတင်ရသေးရင် အခွန်နဲ့ ဒဏ်ကြေးပါ ပေးဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
