
ဇူလိုင်(၁၄)၊ ရန်ကုန်
တိုက်ပွဲတွေကြောင့် မြန်မာမှာ နေရပ်စွန့်ခွာနေရသူ ၃.၈ သန်းခန့် ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA Myanmar) က မနေ့ကဇူလိုင် (၁၃)ရက်နေ့ ထုတ်ပြန်မှုအရ သိရပါတယ်။
ဒီထဲက တချို့သောစစ်ဘေးရှောင်သူတွေဟာ တစ်နေရာမှ တစ်နေရာကို အကြိမ်ကြိမ်ရွေ့ပြောင်းနေရမှုများပြုလုပ်နေရပြီး ခိုလှုံတဲ့ဒေသတွေမှာ တိုက်ပွဲတွေနဲ့ပြန်လည်ကြုံတွေနေရမှုတွေကြောင့် အခုလိုအကြိမ်ကြိမ်ရွေ့နေရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းတို့နဲ့ ကရင်ပြည်နယ်၊ မကွေး ၊တနင်္သာရီတိုင်းတို့လို အရှေ့တောင်ဒေသ ပြည်နယ်နဲ့တိုင်းတွေမှာ လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲတွေ ပိုမိုပြင်းထန်နေကြောင်း ဆိုပါတယ်။
ဒါကြောင့် ဒီဒေသတွေကနေ နေရပ်စွန့်ခွာခဲ့သူ ဒေသခံများပိုမိုများပြားကြောင်း သိရပြီး UNOCHAအနေနဲ့ အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွေလည်း ဒေသအသီးသီးက လက်နက်ကိုင်အဖွဲ့တွေရဲ့ အုပ်ချုပ်မှုကြောင့် သွားလာမှုနဲ့အကန့်အသတ်တွေ ရှိနေတယ်လို့ သိရပါတယ်။
အခုစစ်ဘေးရှောင်တွေအပါအဝင် နိုင်ငံအတွင်းမှာ ငလျင်နဲ့အကြောင်းအမျိုးမျိုးကြောင့် လူဦးရေ (၁၆)သန်းကျော်က အရေးပေါ်အကူအညီတွေ လိုအပ်နေပြီး ဒီထဲကပဲ UNOCHA က ၄.၉ သန်းကျော်ကို အမြင့်ဆုံးဦးစားပေးကူညီဖို့ လျာထားပါတယ်။
ဒါပေမယ့် ၄.၉ သန်းကျော်လျာထားမှုထဲ ၂၀၂၆ ခုနှစ် ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းအထိ ၁ . ၆ သန်းကိုတော့ အကူအညီပေးနိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
မြန်မာမှာ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းကျော် ရှိတာကြောင့် မြန်မာ့လူဦးရေ သုံးပုံတစ်ပုံခန့်က ခက်ခဲကြပ်တည်းနေကြတာဖြစ်ပြီး အကူအညီလုံးဝမရရှိသူတွေလည်း များစွာရှိနေတာလည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာ စစ်ဘေးရှောင်ဦးရေ ၂.၈သန်းကျော်ရှိခဲ့ပြီး အခုနှစ်မှာ ပိုမိုတိုးများလာလည်းဖြစ်သလို မြန်မာဟာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းရင်ဆိုင်နေရမှုထဲ အမြင့်ဆုံးဖြစ်နေတယ်လို့ ဆိုထားပါတယ်။
