နဘား- ကသာ လမ်းပိုင်းရက်ရှည်ပိတ်ဆို့မှုများကြောင့် ကချင်ပြည်နယ်က မြို့တချို့ကုန်စျေးနှုန်းတက် 

စစ်ကိုင်းတိုင်းအတွင်းက ကွင်းလမ်းတစ်နေရာ /Credit

ဇူလိုင် ၁၃၊ မြစ်ကြီးနား

မြစ်ကြီးနား-မန္တလေးလမ်းပိုင်းထဲက အင်းတော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ ယာဉ်တွေဟာ  လမ်းပိုင်းပိတ်ဆို့ခံနေရတာ တစ်ပတ်ကျော်ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။ 

ကုန်တင်ကားများနဲ့ ခရီးသည်တင်ကားများပိတ်မိနေတာ ရက်သတ္တပတ်ကြာမြင့်လာတာကြောင့် မိုးညှင်း၊​ မိုးကောင်းနဲ့  မြစ်ကြီးနားမြို့တွေမှာ ကုန်စျေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်လာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

လက်ရှိ မြစ်ကြီးနားမြို့မှာလည်း ကုန်စိမ်းများနဲ့ အသားငါးတစ်ချို့ ဈေးနှုန်းမြင့်တက်လာတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

“ ဈေးကတော့ တက်လာတယ်ကုန်စိမ်းတွေဆိုအထားမခံတော့ပုပ်သိုးသွားပြီ။ ငါးဈေးတက်တယ်လို့တော့ပြောနေကြတယ်။  အခု တစ်ပိသာာကို ၅ သောင်းကျော်တယ်လေ ၃ ရက်လောက်ရှိပြီ။ ဈေးကတော့အကုန်ဖြည်းဖြည်းတက်လာနေတယ် ခုကတရုတ်ကလည်းပြန်မဝင်တော့ ပစ္စည်းပြတ်တာတော့မရှိသေးဘူးဈေးတက်နေတာပဲ”လို့ မြို့ပေါ်ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

မြစ်ကြီးနားမြို့အတွက် ကုန်စည်တွေကို   တရုတ်နယ်စပ်ဘက်ကနေတင်သွင်းတဲ့ လမ်းပိုင်းမှာလည်း မြေပြိုမှုများကြောင့် ကုန်ပစ္စည်းတင်သွင်းတဲ့ယာဉ်တွေ ဝင်ရောက်မှုအချိန်ကြာမြင့်တာတွေရှိတယ်လို့ သိရပါတယ်။

လမ်းပိုင်းပိတ်နေတာ ရက်ရှည်ကြာမြင့်လာတာနဲ့အမျှ မန္တလေးမြို့ကနေ သယ်ဆောင်လာတဲ့ ငါးနဲ့ ကုန်စိမ်းတစ်ချို့မှာ ပုပ်သိုးလာပြီး သစ်သီးတွေအပါအဝင်  ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို  လမ်းပိုင်းကနီးစပ်ရာ ရွာနဲ့ဈေးများမှာ မူလဈေးရဲ့ ထက်ဝက်လောက်လျော့ပြီး ရရာဈေးနဲ့ရောင်းနေကြတာဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်များမှာ အင်းတော်ကွင်းလမ်းအပြင် နန့်သဲနဲ့ မဲဇာရွာအနီးမှာ ကြားညှပ်ပိတ်မိနေကြဆဲဖြစ်ပြီး အခက်အခဲများနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင်  အဲဒီလမ်းပိုင်းဟာ ဇူလိုင် ၄ ရက်နေ့ထဲက လုံးဝပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးတာကြောင့် ခရီးသွားများအနေနဲ့ ယခုရက်ပိုင်းအတွင်းခရီးမသွားကြရန် လူမှုကွန်ရက်ပေါ်မှာ သတိပေးပြောဆိုနေကြတာပါ။

ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့ကလည်း အဆိုပါလမ်းပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၆ ဘီးကားတစ်စီးနဲ့ အံစာတုံးခရီးသည်တင်ကားတစ်စီးတို့ လက်နက်ကြီးထိမှန်ခဲ့ကာ ယာဉ်ပေါ်လိုက်ပါတဲ့ ယာဉ်မောင်းအပါအဝင် ခရီးသည်တစ်ချို့လည်းဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *