ဟုမ္မလင်းမှာ ချင်းတွင်းမြစ်ရေစိုးရိမ်ရေအမှတ်ကို  တစ်ပေကျော်မြင့်တက်နေ 

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  တစ်ပတ်ကြာမိုးကြီးနိုင်

ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေတိုင်းတာထားမှုများကို ဇူလိုင်လ ၁၀ရက်နေ့က တွေ့ရစဉ်/Credit

ဇူလိုင်(၁၃)၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းအတွင်းက ခန္တီးမြို့မှာ မြစ်ရေကျဆင်းလာတာကြောင့် ဟုမ္မလင်းမြို့နယ်ရှိ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် (၁)ပေကျော်မြင့်တက်နေပြီဖြစ်တယ်လို့ ဒေသတွင်းနေထိုင်သူများထံမှ သိရပါတယ်။ 

မိုးလေဝသနဲ့ဇလဗေဒကလည်း ဟုမ္မလင်းမြစ်ရေမြင့်တက်လာမှုကို ဒီနေ့မနက်ပိုင်းမှာ သတိပေးပြောဆိုထားသလို မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ သတိပြုကြဖို့ ပြောထားတာပါ။

ဟုမ္မလင်းမြို့ရဲ့ အထက်ဘက် ခန္တီးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်(၆)ရက်နေ့ကနေစတင်ပြီး မိုးသည်းထန်မှုကြောင့် ချင်းတွင်းမြစ်ရေတစ်ဖြည်းဖြည်းမြင့်တက်လာပြီး မနေ့ကအထိ မြစ်ကမ်းဘေးနဲ့အနိမ့်ပိုင်းကျေးရွာတွေ ရေလွှမ်းခဲ့ပါတယ်။ 

ဒီနေ့မနက်ပိုင်းမှာတော့ ခန္တီးမြစ်ရေဟာ ကျဆင်းစပြုလာပြီဖြစ်ကြောင်း  ဒေသခံတွေရဲ့ ပြောဆိုမှုတွေအရသိရပြီး မိုးရွာသွန်းမှုလည်း ရပ်တန့်နေပြီဖြစ်တယ်လို့ ဆိုကြပါတယ်။ 

“ဟုမ္မလင်းမြို့ဘက်မှာတော့ မြစ်ရေကတက်လာတာဟုတ်တယ် ခန္တီးဘက်ကျလို့ တက်လာတာလေ ရေကတော့ဟိုတစ်ခေါက်ကလို အရမ်းကြီးမကြီးလောက်ဘူးထင်တာပါ့လေ မိုးကတော့ရွာနေတုန်းပဲ မရပ်သေးဘူး” လို့ ဟုမ္မလင်းဒေသခံတစ်ဦးက ပြောပြပါတယ်။

စစ်ကိုင်းတိုင်းအပါအဝင် ကချင်ပြည်နယ်နဲ့ နိုင်ငံအနှံ့မှာ ဒီနေ့ကနေ ဇူလိုင်(၂၀)ရက်အထိ တစ်ပတ်ကျော်အကြာအထိ မိုးကြီးနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

မြန်မာမှာ ယခုနှစ် မိုးရာသီကာလ ဇူလိုင်လကနေ သြဂုတ်လ နှစ်လအတွင်း ခါတိုင်းနှစ်တွေထက် မိုးများနိုင်ပြီး သိသိသာသာမိုးရွာသွန်းနိုင်တာကြောင့် တောင်သူများအထူးဂရုစိုက်ဖို့လိုအပ်တယ်လို့  မိုးလေဝသခန့်မှန်းနေတဲ့ (National Oceanic and Atmospheric Administration (NOAA) ကလည်း မေလမှာ သတိပေးထားပါတယ်။

ဒါကြောင့် စိုက်ပျိုးရေးလုပ်ငန်းဖြစ်တဲ့ ဆန်စပါးနဲ့တောင်ယာသီးနှံတွေအပေါ်  ပိုမိုသက်ရောက်မှုရှိတာကြောင့် တောင်သူတွေအနေနဲ့ ပျိုးထောင်ချိန်နဲ့စိုက်ပျိုးချိန်တွေကို ပုံမှန်စိုက်နေကြထက် စောစီးစွာ(သို့မဟုတ်)နောက်ကျမှ ရာသီဥတုအလိုက် ဂရုစိုက်စိုက်ပျိုးကြဖို့ အသိပေးထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *