
ဇူလိုင် ၂၂ ၊ ထီးချိုင့်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ထီးချိုင့်မြို့မှာ စစ်ဘေးရှောင်တွေ ပြန်လည်ဝင်ရောက်နေထိုင်ပြီးနောက် စာသင်ကျောင်းတချို့ ပြန်ဖွင့်ပြီး စာသင်နေပြီဖြစ်တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
ဇူလိုင်လ (၉) ရက်နေ့မှာ မြို့ပေါ်စာသင်ကျောင်း အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းနဲ့ အမှတ်( ၂) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်း တို့ကိုဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
“ ပထမကတော့ အမှတ် (၁ )စာသင်ကျောင်းကိုပဲဖွင့်မယ်လို့ထင်ခဲ့တာ အခုကအမှတ် (၂ )စာသင်ကျောင်း ရောဖွင့်လိုက်ပြီ။ ဒီလထဲမှာကို နှစ်ကျောင်းစလုံးဖွင့်လိုက်တာပေါ့ ” လို့ ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။
မြို့ထဲကို စစ်ရှောင်တွေပြန်ဝင်ရောက်နေထိုင်တဲ့ ရပ်ကွက်(၄)၊ ရပ်ကွက်(၃)နဲ့ ရပ်ကွက်(၂)ရှိ ဒေသခံ ကျောင်းသား/သူတွေ တက်ရောက်နေကြတာလို့ သိရပါတယ်။
ထီးချိုင့်မြို့တွင်းမှာ လူဝင်ရောက်နေထိုင်မှုနည်းပါးနေသေးပေမယ့် မြို့အနီးမှာရှိတဲ့ ကျေးရွာတွေက ကျောင်းသား/သူတွေတော့ တက်ရောက်နေကြတာတွေ ရှိတယ်လို့ဆိုပါတယ်။
မြို့နဲ့အလှမ်းဝေးတဲ့တစ်ချို့ကျေးရွာရှိ ကျောင်းသား/သူတွေက မြို့ပေါ်ကျောင်းကိုတက်ရောက်ပညာသင်ချင်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပေါ်ထံသွားရောက်နိုင်မယ့်လမ်းပိုင်းကို ပိတ်ပင်တာတွေရှိနေတာကြောင့် တက်ရောက်ဖို့အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
“ မြို့ပေါ်ကျောင်းကို နယ်ဝေးတွေကတော့ မလာကြဘူး။ ပြန်ကြားရတာကပေါ့လေ မြို့ပေါ်ကျောင်းတက်တဲ့သူတွေကိုအရေးယူမယ်လို့ကြားတယ်။ နောက်ပြီးမြို့ပေါ်လာတဲ့သူတွေကို သူတို့တွေက စောင့်ကြည့်အနေနဲ့ လုပ်ထားကြတယ် ” လို့ ဒေသခံတွေကပြောပြပါတယ်။
လက်ရှိအချိန်ထိ ထီးချိုင့်မြို့နယ်တစ်ခုလုံးကိုတော့ စစ်တပ်ဘက်က အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိသေးပဲ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မြို့နဲ့ မနီးမဝေးမှာ နေရာယူထားကြတယ်လို့သိရပါတယ်။
