
ဇူလိုင်(၃၀)၊ မိုးညှင်း
မိုးညှင်းမြို့အနီး ညောင်ကုန်းကျေးရွာမှာ ဘုန်းတော်ကြီးကျောင်းဆောင်အသစ်ကို ဇူလိုင်(၂၈)ရက်နေ့မှာ ကျေးရွာသားတချို့ မီးရှို့ဖျက်ဆီးမှုဟာ နာရေးကိစ္စရပ်ကနေ စတင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ညောင်တုန်းကျေးရွာမှာ ဘုန်းကြီးကျောင်းအသစ် တည်ထားအသစ်ဆောက်လုပ်ထားပြီး ကျောင်းထိုင်ဘုန်းကြီးလစ်လပ်နေဆဲဖြစ်တဲ့ကျောင်းဆောင်မီးရှို့ဖျက်ဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။
“ အခုမီးရှို့ရခြင်းပြဿနာအစက နာရေးကနေစတာ၊ ကျောင်းအသစ်ကိုကိုးကွယ်တဲ့ဘက်ကရွာသားတစ်ယောက်သေသွားတာကြောင့် ဒီကျောင်းသစ်ကိုးကွယ်သူတွေက ကျောင်းဟောင်းကဘုန်းကြီးကို နာရေးကိုကြွပေးဖို့ ပင့်ဖိတ်ကြတယ်။ ကျောင်းဟောင်းဘုန်းကြီးကတရားလာမပေးဘူးမလာနိုင်ဘူးငြင်းတယ် ဒါနဲ့သူတို့လည်း အသစ်ကျောင်းထိုင်အတွက်ရည်ရွယ်ထားတဲ့ ဘုန်းကြီးအသစ်ကို သွားပင့်တာ အဲမှာပြဿနာစတာပဲ ” လို့ နမ္မားကျေးရွာသား တစ်ဦးကပြောပါတယ်။
ညောင်ကုန်းကျေးရွာရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းဟာ ကျောင်းထိုင်ဘုန်းကြီး ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှု၊မကျေလည်မှုတွေဖြစ်ပွားမှုဟာ အချိန်ကြာမြင့်ခဲ့ပြီး မြို့နယ်သံဃာ့မဟာနာယက အထိဖြစ်စဉ်တွေကို တင်ပြမှုတွေရှိထားတယ်လို့သိရပါတယ်။
ဒါ့ကြောင့်ပဲ နောက်ထပ် ဘုန်းကြီးကျောင်းအသစ်ကို ထပ်မံဆောက်လုပ်ကြပြီး ကျောင်းထိုင်ဘုန်းကြီးကို ပင့်ဆောင်ဖို့ ပြင်ဆင်နေဆဲလည်းဖြစ်တယ်လို့သိရပါတယ်။
“အသစ်ဆောက်ထားတဲ့ကျောင်းကကျောင်းထိုင်မရှိဘူး၊ အရှေ့ကျောင်း ၊အနောက်ကျောင်းဆိုပြီးကွဲနေတာ၊ နန်းမားကျောင်းကနေ ဓမ္မာစရိယအောင်ထားတဲ့ဘုန်းကြီးတစ်ပါးကို ကျောင်းထိုင်ပို့မယ်ဆိုပြီးစီစဉ်တာ၊ ပို့တောင်မပို့ရသေးဘူး မောင်းထုတ်တာ၊ ဘုန်းကြီးကိုလည်းအလာမခံဘူး၊ ရွာသူရွာသားအချင်းချင်းဖြစ်ကြတာ၊ ရွာသားအချင်းချင်းမတည့်ကြတဲ့အခါကျတော့ တစ်ခြားဘုန်းဘုန်းတစ်ပါးကိုအဲမှာကျောင်းထိုင်ဖို့ပို့တာ၊ အခြားရွာသားတွေကလက်မခံတာ ဘုန်းကြီးကျောင်းထိုင်မလာခင်မီးရှို့တာ”လို့ ညောင်ကုန်းကျေးရွာအနီး နေထိုင်သူအမျိုးသမီးတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
ဒီလိုကျောင်းဆောင်အသစ်ရဲ့ ကျောင်းထိုင်ဘုန်းတော်ကြီးအသစ်အဖြစ် လျာထားခြင်းခံရတဲ့ ရဟန်းတော်က နာရေးတရားနာ ပြုလုပ်နေချိန် အခြားရွာသားတွေက ကျောင်းဆောင်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
မိုးညှင်းမြို့နယ်အတွင်းမှာ အခုလိုဒေသခံအချင်းချင်းအကြား သဘောထားကွဲလွဲမှုတွေ မကြာခဏပြဿနာဖြစ်ပွားမှုရှိပေမယ့် အခုဘုန်းတော်ကြီးကျောင်းမီးရှို့ခံရမှုကိစ္စရပ်ကတော့ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
