ထိန်းသိမ်းမှုမလုပ်နိုင်တဲ့ အင်းတော်ကြီးအိုင် အခြေအနေဘယ်လိုရှိနေလဲ

DCIM\100MEDIA\DJI_0705.JPG

ကမ္ဘာတစ်ဝန်းက အင်းအိုင်များရှိ ဇီဝမျိုးကွဲတိရစ္ဆာန်များနဲ့ ရေနေသတ္တဝါ မျိုးတုံးမှုကိုကာကွယ်ခြင်း၊ ရာသီဥတုဖောက်ပြန်မှု၊ ရေညစ်ညမ်းမှုတွေမဖြစ်ပေါ်လာအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်တဲ့အနေနဲ့ ဒီနေ့ ဩဂုတ်လ ၂၇ ရက်နေ့ကို World Lake Day (ကမ္ဘော့အင်းအိုင်များနေ့)အဖြစ် သတ်မှတ်ကြပါတယ်။ 

ဒီထဲ ရှမ်းနီတိုင်းရင်းသားတို့ရဲ့ အမွေအနှစ် ၊ယူနက်စကိုစာရင်းဝင် အင်းတော်ကြီးအိုင်ဟာလည်း  ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်နေတဲ့ “ရေချိုအိုင်”တစ်ခုအဖြစ် တည်ရှိနေပါတယ်။

အင်းတော်ကြီးအိုင်ကို ထိန်းသိမ်းရေးလုပ်ငန်းများ မပြုလုပ်နိုင်တာ ငါးနှစ်နီးပါးရှိလာနေပြီလည်းဖြစ်ပြီး  ဒေသအတွင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အသီးသီးတို့လည်း ဒေသမတည်ငြိမ်မှုကြောင့် ရွေ့ပြောင်းထွက်ခွာခဲ့ကြတာလည်းဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ UN General Assembly (ကုလသမဂ္ဂအထွေထွေညီလာခံ) က ဒီနေ့ကို World Lake Day အဖြစ်သတ်မှတ်ခဲ့ပြီးနောက်   (၂၀၂၅)ခုနှစ်မှာ ပထဆုံးအကြိမ် ကျင်းပခဲ့ပြီး အခု (၂၀၂၆)ခုနှစ်ဟာ ဒုတိယအကြိမ်ကျရောက်တာလည်းဖြစ်ပါတယ်။

ပြုပြုင်ထိန်းသိမ်းမှုတွေပြုလုပ်ဖို့ လိုအပ်နေတဲ့အကြောင်းကို ဒေသခံတစ်ဦးလည်းဖြစ်သလို  အင်းတော်ကြီးရှမ်းနီလူငယ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူတစ်ဦးနဲ့ မေးမြန်းထားမှုကို ဖတ်ရှူရမှာပါ။ 

မေး။  ။ အင်းတော်ကြီးအိုင်ရဲ့ ရေအရည်အသွေးက အရင်ကထက်စာရင် တိုးတက်လာသလား ဆုတ်ယုတ်သွားသလား။

ဖြေ။  ။ရေအရည်အသွေးကတော့ အရင်ကထက် ပိုဆုတ်ယုတ်လာတယ်ပြောရမှာပေါ့ အင်းရေထဲကို ပြဒါးတွေဝင်တာ၊ နွှံရေဝင်တာတွေဆိုတော့ ပြီးခဲ့တဲ့နှစ်တွေကတောင် သောက်သုံးဖို့မသင့်ဆိုပြီး လေ့လာတွေ့ရှိချက်အရ သိရတာကိုး။

မေး။   ။အခုအင်းထဲကို အမှိုက်တွေ ပလပ်စတစ် တွေပိုပြီးများလာသလား။

ဖြေ။   ။ အခုက အင်းထဲမှာ ဘယ်ကမ်းမှာ အမှိုက်တွေရှိနေတယ်ဆိုတာတွေ survey (စစ်တမ်း)ကောက်ဖို့ သွားဖို့လာဖို့ လောလောဆယ်မဖြစ်နိုင်တဲ့အခြေနေဆိုတော့ ပိုပြီးအမှိုက်တွေစုနေတာပေါ့ ထိန်းသိမ်းရေးလုပ်တဲ့အခါမှာတောင် ရှိနေတာဆိုတော့ အခုမလုပ်နိုင်တဲ့အခြေနေနဲ့တော့ ပိုပြီးရှိနေနိုင်ပါတယ် အမှိုက်တွေက။

မေး။   ။ရေနေသတ္တဝါတွေ ငှက်တွေ၊ အပင်တွေလျော့နည်းလာတာမျိုးကော တွေ့ရလား။

ဖြေ။   ။ဒါလည်း ခါတိုင်းထက်စာရင်တော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတာ မလုပ်နိုင်မှု၊ အင်းပတ်လည်လည် ရွှေလုပ်နေမှုတွေကြောင့် ငှက်တွေ၊ ရေနေသတ္တဝါ နေဖို့ နေရာပျောက်ဆုံးတာတွေ၊ ရေနေသတ္တဝါ ဖမ်းဆီးစားသုံးတာတွေ ၊သစ်တောပြုန်းတီးတာမျိုးတွေ ရှိနေတာကြောင့် လျော့နည်းလာတာမျိုး ဖြစ်နိုင်ပါတယ်။ ခုနက ပြောသလို survey (စစ်တမ်း) ကောက်ထားတာမရှိတာကြောင့် ခါတိုင်းဆို အင်းချစ်သူအဖွဲ့တွေနဲ့ FFI  (Fauna and Flora International (FFI) တို့ပေါင်းပြီး survey လာကောက်တယ်လေ ခုကခန့်မှန်းအနေနဲ့ပဲပြောနိုင်တာပေါ့လေ သဘာဝပတ်ဝန်းကျင်ပျက်စီးလာတာနဲ့အမျှ သေချာပါတယ် ငှက်မျိုးစိတ်တွေ ဆောင်းခိုငှက်တွေ လာတာလျှော့နည်းသွားတယ်။

မေး။    ။ အခုလို ပြသာနာတွေကြောင့် ဒေသခံတွေအတွက် ဘာအခက်ခဲ ၊ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်မလဲ။

ဖြေ။    ။ လောလောဆယ်အခက်ခဲကတော့ လူတိုင်းခက်ခဲနေတာပဲလေ၊ အင်းပတ်လည်ရှိတဲ့လူတွေ သွားဖို့လာဖို့ ခက်ခဲနေကြတာပေါ့၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့်က နောက်လာမဲ့မျိုးဆက်တွေအတွက် ခက်ခဲလာနိုင်တယ်၊ အင်းကိုအမှီပြုပြီးလုပ်ကိုင်စားသောက်မဲ့ တံငါသည်တွေတို့ ၊သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့အရာတွေ၊ ဒီ Toristsim ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်နိုင်ဖို့အတွက်က ဒီအင်းကြီး တစ်ဖြည်းဖြည်းကောလာရင် ဒါတွေမလုပ်နိုင်တော့ဘူးလေ။ထိခိုက်လာနိုင်တာပေါ့ နောင်လာမဲ့မျိုးဆက်တွေအတွက် ပိုထိခိုက်လာနိုင်တယ် ၊ခုမျိုးဆက်မှာလည်း လုပ်စားကိုင်စားခက်လာနိုင်တယ်၊ တိုက်ပွဲအခြေနေကြောင့် တစ်ဖက်နဲ့တစ်ဖက်တင်းမာနေတဲ့အနေထားကြောင့် လုပ်စားကိုင်စားခက်ခဲနေတာ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ အခက်ခဲတွေက အများကြီး ခုချိန် လက်တွေ့ကြုံနေရတာဆိုတော့ နောက်မျိုးဆက်က ဒီအင်းရဲ့ ဆိုးမွေကောင်းမွေခံရမှာလေ။

မေး။    ။အခု အိုင်ကို အထိခိုက်ဆုံး ပြသာနာတစ်ခုပြောရရင် ဘာကိုပြောချင်လဲ။

ဖြေ။    ။တိုက်ရိုက်ပြောရရင်တော့ အင်းဘေးပတ်လည် ရွှေလုပ်တဲ့ကိစ္စပေါ့ ၊ဒါက အင်းကို အထိခိုက်ဆုံးကိစ္စပေါ့။

မေး။    ။အင်းတော်ကြီးအိုင် ဆက်လက်ပြီးကောင်းမွန်လာဖို့ ဘယ်လိုမျိုးလုပ်သင့်တယ်လို့ မြင်သလဲ။

ဖြေ။    ။တစ်အချက်အနေနဲ့ကတော့ အိုင်ပတ်လည်လည် ငြိမ်းချမ်းဖို့လိုတယ်ပေါ့၊ အဓိကကတော့ ဒေသခံတွေကိုယ်တိုင်က အမှိုက်ပစ်တဲ့စနစ်တွေ ရွှေလုပ်ရင်ဘာတွေဖြစ်တယ်ဆိုတာ၊ ကောင်းမွေဆိုးမွေတွေကို ကောင်းကောင်းနားလည်ဖို့လိုတယ်၊ ဒေသခံတွေကိုယ်တိုင် စနစ်တစ်ခု စည်းကမ်းတစ်ခု သတ်မှတ်ပြီးတော့မှ ရေရှည် အစိုးရဌာနသော်လည်းကောင်း ၊စာပေယဉ်ကျေးမှုအဖွဲ့သော်လည်းကောင်း၊ NGO အဖွဲ့တွေသော်လည်းကောင်း ချိတ်ဆက်ပြီး ဒါတွေ ပြုပြင်ဖို့ များများလုပ်နိုင်လေလေ ပိုကောင်းလေပေါ့၊ အဓိကကတော့ ဒေသခံတွေအပေါ်မူတည်တယ် ယူဆရမှာပေါ့။

မေး။    ။ဒီနေ့ World Lake day မှာ ရှမ်းနီဒေသက အင်းတော်ကြီးအိုင်အတွက် အမှတ်တရစကားဘာပြောချင်သလဲ။

ဖြေ။    ။အင်းတော်ကြီးအိုင် ပတ်ပတ်လည်မှာရှိတဲ့ ကျေးရွာတွေ အမြန်ဆုံး ငြိမ်းချမ်းပြီးတော့ ဒီအိုင်ကြီးကိုလည်း ဒီထက်မကနှစ်ပေါင်းရာပေါင်းထောင်ပေါင်းများစွာ ရေရှည်တည်တံ့ထိန်းသိမ်းနိုင်တဲ့ဒေသခံဖြစ်ဖို့ မျှော်လင့်ရင်းဆုတောင်းပေးလိုက်ပါတယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *