
စက်တင်ဘာ(၈) ၊ စစ်ကိုင်း
မြန်မာနိုင်ငံအထက်ပိုင်းဒေသမှာ နယ်မြေစိုးမိုးမှုအများဆုံး ရရှိခဲ့တဲ့ KIA က ဦးဆောင်တဲ့ အမှတ်(၁) စစ်ဒေသတစ်ခုလုံးကို ဆုတံဆိပ် (၄၈) ခုထိ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အမှတ်(၁) စစ်ဒေသရှိ တပ်ရင်းများနဲ့ ရဲဘော်တစ်ဦးချင်းစီက ပြည်သူ့သားကောင်းဆု(၂၅)ဆု၊ ပြည်သူ့ဇာနည်ဆု (၁၉) ဆု၊ တော်လှန်ရေး အမှုထမ်းကောင်းတံဆိပ် (၂) ဆု စတဲ့ ဆုပေါင်း (၄၈) ဆု တို့ကို ချီးမြှင့်ခြင်း ခံခဲ့ကြရပါတယ်။
ဒါ့အပြင် ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ (HPR) ကိုလည်း (၂၀၂၄) ခုနှစ်ကသေဆုံးခဲ့တဲ့ အမှတ်(၁)စစ်ဒေသကို ခေါင်းဆောင် KIA ဗိုလ်ချုပ်ကြီး ရုတ်ခရောင်ခေါင်လွမ်းကို NUG က ဘွဲ့ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
သူက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။
အမှတ်(၁)စစ်ဒေသထဲမှာ ကချင်၊စစ်ကိုင်း၊ချင်း၊ရှမ်းမြောက်၊ မကွေးနဲ့ မန္တလေးတိုင်းတို့ ပါဝင်ထားပါတယ်။
အမှတ်(၁)စစ်ဒေသရဲ့ ဦးဆောင်မှုနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ၊မန္တလေးတိုင်း နဲ့ မကွေးတိုင်းက မြို့နယ်တွေက ကျေးလက်ဒေသတွေကို ထိန်းချုပ်ထားတာ ဒီနေ့အထိဖြစ်ပါတယ်။
နောက်ထပ် NUG ထုတ်ပြန်နေဆဲဖြစ်တဲ့ ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ ရရှိသူ (၂၁) ဦးအားလုံးဟာ ကျဆုံးသွားသူတွေဖြစ်ပြီး ဒီထဲ နွေဦးတော်လှန်ရေးခေါင်းဆောင် ၊ (၈၈) ကျောင်းသားဟောင်း ကိုဂျင်မီ(ခေါ်) ကျော်မင်းယုနဲ့ (၂၀၁၅) ခုနှစ် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သလို Special Task Force ( Yangon) တာဝန်ခံဖြစ်တဲ့ ကိုဖြိုးဇေယျာသော် တို့လည်း ပါဝင်ပါတယ်။
သူတို့နှစ်ဦးစလုံးဟာ စစ်တပ်ရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီး (၂၀၂၂)ခုနှစ်မှာ ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသူတွေလည်း ဖြစ်ပါတယ််။
NUG က ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့၊ ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ ၊ ပြည်သူ့ဇာနည်ဆု ၊ ပြည်သူ့သားကောင်းဆု နဲ့ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် တွေကို (၁၇၉၂) ဦးတို့ထံ ချီးမြှင့်ခဲ့ကြောင်း မနေ့ကထုတ်ပြန်လာပါတယ်။
