မွန်ပြည်နယ်  ဘီးလင်းမြို့အနီးတစ်ဝိုက်မှာ စစ်ကိုင်းမှတ်ပုံတင် ၅ မျဉ်းစောင်းကိုင်ဆောင်သူတွေကို စုဆောင်းရေးဆွဲနေ

စက်တင်ဘာ (၁၈)၊ ဘီးလင်းမြို့

မွန်ပြည်နယ်၊ ကျိုက်ထို-ဘီးလင်းနယ်စပ်  ခြင်္သေ့နှစ်ကောင်ဂိတ်  စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရေးတင်းကြပ်ထားသလို  စစ်ကိုင်းတိုင်းမှတ်ပုံတင်ဖြစ်တဲ့ ၅ မျဉ်းကိုင်ဆောင်ထားသူတွေကို ဖမ်းဆီးခေါ်ဆောင်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ တော်တော်ကြမ်းတယ် ၅ မျဉ်းစောင်းဆိုတော့ပိုဆိုးတာပေါ့။ အဲ့ဘက်ရွာသားတွေကိုတော့မဆွဲဘူး လမ်းသွားလမ်းလာပေါ့ နှစ်ယောက်ပါရင် တစ်ယောက်ဆွဲတယ်။  ဆွဲပြီးပိုက်ဆံတောင်းတယ် ၂၀၀(ကျပ်သိန်း၂ ၀၀)  ပေးလိုက်ရတယ်လေ မပေးနိုင်ရင် ၁၀ ရက်ကျော်ရင် မော်လမြိုင်ဘက်တန်းပို့တာ”လို့ သူကဆိုပါတယ်။

အခုလို ဖမ်းဆီးခေါ်ဆောင်ခြင်းခံနေရတာဟာ ရက်သတ္တပတ်နီးပါးရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဲဒီလမ်းပိုင်းကို စစ်တပ်က ဂိတ်ထိုင်ထားပြီး အမြဲတမ်းဆိုသလို စစ်ဆေးမှုများရှိတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် လုံခြုံရေးတင်းကျပ်စွာ စစ်ဆေးခြင်းနဲ့ စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လူသစ်စုဆောင်းတာတွေရှိနေတာဖြစ်တယ်လို့ ခရီးသွားများအကြားပြောဆိုမှုတွေရှိနေတာပါ။

ဘီးလင်းမြို့အဝင်အထွက် ဂိတ်များနဲ့ လမ်းဆုံလမ်းခွများမှာလည်း ဆိုင်ကယ်၊ ကားနဲ့ ခရီးသည်များကို ရံဖန်ရံခါ ပိတ်ဆို့စစ်ဆေးတတ်ပြီး အထောက်အထား မပြည့်စုံသူများနဲ့ လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးခြင်းတွေ ရှိနေတာဖြစ်ပါတယ်။

လမ်ပိုင်းအတွင်း စစ်တပ်၊ BGF တပ်ဖွဲ့များနဲ့  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF တပ်ဖွဲ့များအကြား  ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ နေရာတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *