အင်းတော်ကြီး၊မမုန်ကိုင်ကျေးရွာအုပ်ချုပ်ရေးမှူးကိုပြန်လည်ရွေးချယ်ဖို့ဒေသခံတွေလိုလားနေ

စက်တင်ဘာ(၂၁) ၊  အင်းတော်ကြီးဒေသ

မိုးညှင်းမြို့နယ် ၊အင်းတော်ကြီးဒေသအနောက်ဘက်ကမ်းကျေးရွာတစ်ရွာဖြစ်တဲ့ မမုန်ကိုင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးကို  အသစ်ပြန်လည်ရွေးချယ်ခန့်အပ်ပေးဖို့ ဒေသခံတွေ လိုလားပြီး တောင်းဆိုမှုတွေရှိနေတယ်လို့ နေထိုင်သူများထံမှ သိရပါတယ်။

“ အခုအုပ်ချုပ်ရေးမှူးက သူ့ကိုဝန်ကြီးချုပ်က ခန့်ထားတာဆိုပြီး အာဏာပါဝါတွေသုံးနေတာ၊ အာဏာတွေသုံးပြီးလုပ်ချင်တာလုပ်နေတာ ရွာသားတွေမခံနိုင်နေကြဘူးဖြစ်နေတယ်၊ ဒါကြောင့်ရွာသားတွေကမကြည်နေကြဘူး၊ ခန့်မယ်ဆိုရင်လည်း ရွာသားတွေ၊ကျေးရွာပြည်သူတွေက ရွေးချယ်ခန့်ထားတဲ့သူကိုပဲ ပြန်ခန့်ဖို့လိုချင်နေကြတာ” လို့ မမုန်ကိုင်ကျေးရွာသားတစ်ဦးက အခုလိုပြောပြပါတယ်။

အခုလက်ရှိ မမုန်ကိုင်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းဝေကို ကချင်ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် ရွေးချယ်ခန့်အပ်ထားသူဖြစ်တယ်လို့ သိရပြီး  အုပ်ချုပ်ရေးမှူးသက်တမ်း (၆)လခန့်သာ ကြာမြင့်သေးတယ်လို့ ဒေသခံများက ဆိုကြပါတယ်။

သူကမမုန်ကိုင်ကျေးရွာသားတစ်ဦးဖြစ်သလို အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်မထမ်းဆောင်ခင်အချိန်က တရားမဝင် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုတွေ ပြုလုပ်ခဲ့ဖူးကြောင်း သိရပါတယ်။

“မမုန်ကိုင်ရွာသားတော့ဟုတ်တယ်၊ သူအရင်ကမူးယစ်ဆေးဝါးလုပ်ငန်းကို အကြီးအကျယ် လုပ်ခဲ့တာ ၊အမှန်ကငွေမည်းကို ငွေဖြူလုပ်နေတယ်လို့ မမုန်ကိုင်ရွာသားတွေက အဲလိုပြောကြတယ်”လို့  မမုန်ကိုင်ကျေးရွာအနီးရှိ လုံးတုံဒေသခံတစ်ဦးက ဆိုပါတယ်။ 

ဒေသခံတွေရဲ့မဲဆန္ဒကနေတစ်ဆင့် ကျေးရွာကော်မရှင်တွေကနေ ရွေးချယ်ထားသူမဟုတ်သလို  အခုလို အာဏာပြမှုကိုလည်း မကျေနပ်မှုတွေများစွာဖြစ်ပေါ်နေပေမယ့် အုပ်ချုပ်ရေးမှူးပြန်လည်ခန့်အပ်မှုပြုလုပ်နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

ဒီကျေးရွာမှာ နေအိမ်၊မြေယာနဲ့လမ်းပိုင်း စတဲ့ကျေးရွာအတွင်းပိုင်းအထိ ရွှေတူးဖော်မှုလုပ်ကိုင်နေတာလည်းဖြစ်ပြီး  အင်းတော်ကြီးဒေသထဲက အကြီးမားဆုံးရွှေတူးဖော်မှုလုပ်ကိုင်နေတဲ့ ကျေးရွာတစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှစကာ အခုလို အများပိုင်နေရာတွေမှာ စတင်ရွှေတူးဖော်လာကြတာဖြစ်ပြီး ဒေသအာဏာပိုင်များ၊ လက်နက်ကိုင်တပ်ဖွဲ့များက ထိန်းကွပ်နိုင်ခြင်းမရှိတဲ့ အခြေအနေတစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *