
စက်တင်ဘာ (၂၁)၊ မြစ်ကြီးနား
ကချင်ပြည်နယ်မှာ HIV ရောဂါပိုးထိန်းဆေးဖြစ်တဲ့ Antiretroviral Therapy (ART) ဆေးပုံမှန်သောက်သုံးနေရတဲ့လူနာတွေကို တစ်လစာအတွက် ဆေးတွေ ပြန်ထုတ်ပေးနေပြီလို့ ကျန်းမာရေးဝန်ထမ်းများမှသိရပါတယ်။
“ ဆေးပြန်ရရင်ထုတ်ပေးလောက်ပြီ၊ တစ်ပတ် (၃) ရက်ပဲထုတ်ပေးတာ။ စာအုပ်က HIV Positive ဖြစ်ပြီဆိုလို့ရင် ART ဌာန ဆိုပြီးသပ်သပ်ရှိတယ်။ အဲ့ဒီမှာစာအုပ်သွားယူရတယ် သူတို့ကပဲ ဘယ်ချိန်လာထုတ်ဆိုပြီး သူတို့ညွှန်ပေးမှာ ဟုတ်တယ်”လို့ သူကဆိုပါတယ်။
ဒီနေ့ စက်တင်ဘာ (၂၁) ရက်နေ့မှစတင်ကာ တစ်ပတ်ကို (၃) ရက်ထုတ်ပေးမှာဖြစ်ပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးက ART ဌာနမှာ စာအုပ်ပြပြီးသွားရောက်ထုတ်ယူရမှာဖြစ်ပါတယ်။
အရင်က တစ်ကြိမ်ကို ၃ လစာအထိထုတ်ပေးခဲ့သော်လည်း ဆေးပြတ်လပ်မှုများကြောင့် ယခုစက်တင်ဘာလမှာ ၁ လစာစီ ပြန်လည်ထုတ်ပေးတာဖြစ်တယ်လို့သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) HIV ကုသရေး လမ်းညွှန်ချက်မှာ တစ်လအတွင်း ART ဆေး ၃ ကြိမ်ထက် ပိုပြီးသောက်သုံးဖို့ ပျက်ကွက်ပါမယ်ဆိုရင် ဆေးယဉ်ပါးမှုဖြစ်လာနိုင်ပြီး အန္တရာယ်ရှိလာနိုင်တာလည်းဖြစ်ပါတယ်။
ART ဆေးဟာ ကျန်းမာရေးနဲ့ ကိုယ်ခံအားအခြေအနေပေါ်မူတည်ပြီး ဘေးထွက်ဆိုးကျိုး ပြင်းထန်မှု အခြေအနေ ကွာသွားနိုင်တာဖြစ်ပြီး ရောဂါပိုးရှိပြီဆိုရင် ART ဆေးကို အလျင်အမြန် သောက်သုံးရမှာဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက မြစ်ကြီးနား၊ မိုးညှင်း၊ ဖားကန့်နဲ့ ဝိုင်းမော်မြို့နယ်များက HIV လူနာများအတွက် ပုံမှန်ပေးနေကျ ART ဆေးပမာဏကို (၃ )လစာအထိ နောက်ဆုံးထားပြီး ထုတ်ပေးခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
