ဒဏ်ရာရ စစ်သားဆယ်နှင့်ချီကို ပြင်ဦးလွင်စစ်ဆေးရုံပို့ထား

စက်တင်ဘာ (၂၂)၊ ဗန်းမော်
ဗန်းမော်မြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းပြီး စစ်သင်္ဘောပေါ်လိုက်ပါလာတဲ့ ဒဏ်ရာရ စစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံသို့ မနေ့က ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
စစ်သင်္ဘောတွေဟာ မနေ့က စက်တင်ဘာ (၂၁) ရက်နေ့မှာ မန္တလေးမြို့ရှိ ဒေါက်ကျင်းဆိပ်ကမ်းနဲ့ ပေပင်ဆိပ်ကမ်းတွေမှာ ပြန်လည်ဆိုက်ကပ်ခဲ့တာဖြစ်ပြီး လူနာတင်ကားအပါအဝင် ကားအစီးရေ (၂၀) ကျော်နဲ့ ကြိုဆိုတင်ဆောင်သွားတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မနေ့က ပြန်လာတဲ့ သူတွေထဲမှာ တပ်မိသားစု ၊ ဝန်ထမ်းမိသားစုတွေနဲ့ (၂၀၂၄ )ခုနှစ်ဗန်းမော်တိုက်ပွဲမှာကတည်းက တာဝန်ထမ်းဆောင်ပြီးကျန်ရှိနေတဲ့ စစ်သားတစ်ချို့ လည်း လိုက်ပါလာတာဖြစ်တယ်လို့သိရပါတယ်။
ဗန်းမော်မြို့ကို လက်နက်ရိက္ခာ၊ စစ်သား နဲ့ ကုန်စည်တချို့သွားပို့တဲ့ စစ်သင်္ဘောတွေဟာ မြစ်ကြောင်းအတွင်း တိုက်ခိုက်ခံရမှုကြောင့် သင်္ဘော (၁၀) စီးကျော်ပျက်စီးခဲ့ကာ တချို့လည်း မီးလောက်ပျက်စီးနစ်မြှုပ်တာတွေဖြစ်ပေါ်ခဲ့ပါတယ်။
ဩဂုတ်လတတိယအပတ်ထဲမှာ ပထမအသုတ်အဖြစ် ဗန်းမော်ကို ဆန်တက်ခဲ့တဲ့ စစ်ရေယာဉ် (၁၅) စီးရှိပြီး KIA+PDF တပ်တွေက ဇင်းဘုံကျေးရွာ နဲ့ စင်းခန်းကျေးရွာကြားမှာ တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုတွေကြောင့် စစ်ရေယာဉ်တစ်စီးဟာ လူအများအပြားနဲ့အတူ ရေထဲနစ်မြုပ်သွားခဲ့ပြီး နောက်ထပ်ရေယာဉ်(၂)စီးကိုတော့ KPDF တပ်ဖွဲ့များကဖမ်းဆီးလိုက်တာကြောင့် ယာဉ်ပေါ်ပါလာတဲ့လူအယောက် (၁၀၀) နီးပါး အလံဖြူထောင်လက်နက်ချခဲ့ရတယ်လို့ KIA က သတင်းထုတ်ပြန်ထားပါတယ်။
နောက်ထပ် စစ်ရေယာဉ် အစီးရေ(၃၀) ပါတဲ့ အုပ်စုကလည်း စက်တင်ဘာလ (၅) ရက်နေ့မှာ ထပ်မံဆန်တက်ခဲ့ပြီး ဧရာဝတီမြစ်ကြောင်းက ထီးချိုင့်၊ကသာ ၊ ရွှေကူမြို့တွေအထိ ဆန်တက်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်သင်္ဘောတွေဟာ ဗန်းမော်မြို့သို့ အသွားအပြန်လမ်းကြောင်းတလျှောက်မှာ KIA +PDF ပူးပေါင်းတပ်များရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရေယာဉ် အစီး (၂၀) ကျော် မီးလောင်ပျက်စီးမှုနဲ့ ထိခိုက်ပျက်စီးပြီးနစ်မြှုပ်မှုတွေရှိခဲ့တာလို့ KIA က သတင်းထုတ်ပြန်ထားပါတယ်။
