
စက်တင်ဘာ(၂၂)၊ စစ်ကိုင်း
ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၅) ရက်နေ့ကနေစပြီး မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ မုတ်သုံလေဆုတ်ခွာသွားပြီဖြစ်တာကြောင့် မိုးရွာသွန်းမှု နည်းပါးလာပြီလို့ ဒေသခံများထံမှ သိရပါတယ်။
အဆက်မပြတ် မိုးရွာသွန်းပြီး မိုးများရာကနေ ရုတ်ချည်းမုတ်သုံလေဆုတ်ခွာသွားမှုကြောင့် မိုးလျော့နည်းခြင်းနဲ့ အပူလွန်ကဲခြင်းတွေဖြစ်ပေါ်နေတယ်လို့ မိုးညှင်းဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။
“ မိုးကနည်းလာတယ်ဟုတ်တယ် လစဉ်မိုးတော့ရွာတတ်တယ် ဒီနေ့မိုးသည်းတယ် ပြီးခဲ့တဲ့ (၅)ရက်လောက်ကတော့ ပူလည်းတအားပူတာ ညတွေဆိုအိပ်လို့ကိုမရဘူး မိုးချုပ်ခါနီးလေ ပိုပူလေ ဒီနေ့ပဲမိုးရွာတယ် ဒါပေမယ့် အိုက်စပ်စပ်ကြီး”လို့ ကချင်ပြည်နယ် ရာသီဥတုအခြေအနေနဲ့ ပတ်သက်ပြီး မိုးညှင်းဒေသခံတစ်ဦးက ဆိုပါတယ်။
လာမယ့် စက်တင်ဘာ (၂၄)ရက်နေ့ကနေ (၂၇)ရက်နေ့အထိက ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအပါအဝင် ရှမ်းမြောက် ၊မန္တလေး၊ မကွေး၊ချင်း စတဲ့ပြည်နယ်နဲ့တိုင်းတို့မှာ မိုးကြီးနိုင်ချေနည်းပါးပြီး နေရာကျဲကျဲသာမိုးရွာသွန်းနိုင်မယ်လို့ မြန်မာမိုးလေဝသလေ့လာသုံးသပ်နေသူ ဦးဝင်းနိုင်က ပြောထားပါတယ်။
မိုးလေဝသနဲ့ ဇလဗေသဦးစီးဌာနကလည်း ကချင်ပြည်နယ်မှာ ခါတိုင်းထက် မိုးလျော့နည်းနိုင်ကာ စစ်ကိုင်းတိုင်းမှာတော့ အနည်းငယ်ပိုရွာသွန်းနိုင်ချေရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
“ ဗန်းမောက်မှာလည်း မရွာဘူးမိုးက နှစ်ရက်ရှိပြီ ၊ ဒီနေ့နည်းနည်းပြန်ရွာမသည်းဘူး ခနပဲရွာတာ၊ ပူလို့ပဲတော်သလင်းနေမို့လို့လားမသိဘူး ” လို့ စစ်ကိုင်းတိုင်းဒေသကြီး ၊ဗန်းမောက်မြို့အတွင်း နေထိုင်သူအမျိုးသမီးတစ်ဦးက အခုလိုပြောပြပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းကနေ ဆုတ်ခွာလာတဲ့ အနောက်တောင်မုတ်သုံလေဟာ မနေ့က စက်တင်ဘာ(၂၁)ရက်နေ့ကန (၂၆)ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းကနေ တစ်ဖြည်းဖြည်းချင်း စက်တင်ဘာ(၂၇)ရက်နေ့ကနေ အောက်တိုဘာ (၂)ရက်နေ့အတွင်းတော့ မြစ်ဝကျွန်းပေါ်ဒေသတွေကနေ အသီးသီးဆုတ်ခွာသွားမယ်လို့ မိုးဇလကခန့်မှန်းထားပါတယ်။
ဒါကြောင့် ဒီနှစ်ဟာ မုတ်သုံလေဆုတ်ခွာမှုစောသလို အယ်လ်နီညိုရာသီဥတုရဲ့သက်ရောက်မှုကြောင့် ရာသီဥတုဖောက်ပြန်မှုတွေဖြစ်တဲ့ အလွန်အမင်းအေးခြင်း၊အပူချိန်မြင့်မားခြင်း၊ မိုးရုတ်တရုတ်များခြင်းနဲ့ မိုးခေါင်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးမှုရှိနေပါတယ်။
