
စက်တင်ဘာ(၂၃)၊ ဖားကန့်
ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်အတွင်းမှာ ဌာနေပြည်သူ့စစ်အဖွဲ့ကို အခုရက်ပိုင်းကနေစပြီး ပြန်လည်ဖွဲ့စည်းထားပြီဖြစ်တယ်လို့ ဖားကန့်ဒေသခံများထံမှ သိရပါတယ်။
“ ဖားကန့်မှာ ပြည်သူ့စစ် ပြန်ဖွဲ့ထားပြီဟုတ်တယ်၊ သေချာတယ်၊ ကျောက်ပွဲစားတချို့လည်းပါတယ်ကြားတယ် ၊ မြို့ပေါ်ပါပဲ ကျေးရွာတွေဘက်မပါသေးဘူး၊ မကြာသေးဘူး ဒီရက်ပိုင်းမှစဖွဲ့တာ၊ ဆိပ်မူတို့၊လုံးခင်းတို့ဘက်ကျ KPDF တွေရှိတော့ ပြည်သူ့စစ်ဖွဲ့လို့မရသေးဘူး ” လို့ မြို့တွင်းနေထိုင်သူအမျိုးသားတစ်ဦးက အခုလိုပြောပြပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ စစ်တပ်ကလက်နက်တပ်ဆင်ပေးပြီး ပြည်သူ့စစ်တပ်ဖွဲ့များကို ပြန်လည်ဖွဲ့စည်းခွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူကလည်း သူ့ရဲ့လှုမှုကွန်ရက်စာမျက်နှာမှာ ဖားကန့်တစ်မြို့နယ်လုံးပါဝင်လာအောင် စည်းရုံးသွားမှာဖြစ်ပြီး အခုပြည်သူ့စစ်အဖွဲ့က လုံခြုံရေးအပြင် စစ်ရေးတာဝန်တွေကိုပါ ပူးတွဲလုပ်ဆောင်မှာဖြစ်ကြောင်း ဆိုထားပါတယ်။
အခုပြည်သူ့စစ်ခေါင်းဆောင်က KIA ကို ဆန့်ကျင်တိုက်ခိုက်သွားမယ်လို့ အသိပေးထားပြီး ဒေသတွင်းနေထိုင်သူများကို လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်သားသစ်စုဆောင်းခြင်းမှလည်း ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ပြောထားပါတယ်။
ဖားကန့်မြို့နယ်ကျေးရွာအများအပြားကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားတာဖြစ်ပြီး ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ ကျေးရွာတွေမှာလည်း လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဒေသခံများက ဆိုကြပါတယ်။
ကချင်ပြည်နယ်အတွင်းက ဖားကန့်မြို့နယ်နဲ့ ထိစပ်နေတဲ့ တနိုင်းမြို့နယ်မှာ မင်းဇေသန့်ခေါင်းဆောင်တဲ့ ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ဟာ KIA +PDF တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိပြီး လူသိများတဲ့အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။
(၂၀၂၁)မတိုင်ခင်ကာလက ကချင်ပြည်နယ်အတွင်းမှာ ဌာနပြည်သူ့စစ် တွေနဲ့ တခြား ပြည်သူ့စစ်တပ်ဖွဲ့များရှိခဲ့ပေမယ့် အချို့ကို စစ်တပ်က လက်နက်ပြန်လည်ဖြုတ်သိမ်းခဲ့ဖူးပါတယ်။
