ဗန်းမော်ဆန်တက်တဲ့ သင်္ဘောတိုက်ခိုက်ခံရမှုမှာ ပုဂ္ဂလိကပိုင် (၄) စင်းပျက်စီးခဲ့ပြီး ၊ နားလည်ပေးဖို့ KIA ပြော 

စက်တင်ဘာ (၂၃) ၊  ဗန်းမော် 

ဗန်းမော်မြို့ကိုဆန်တက်ခဲ့တဲ့ စစ်ရေယာဉ်သင်္ဘောအုပ်စုတွေထဲမှာ စစ်တပ်ပိုင်အပြင် ပုဂ္ဂလိကပိုင် သင်္ဘောတွေလည်း ပါဝင်ခဲ့ပြီး တိုက်ခိုက်ခံရမှုကြောင့် လေးစင်းထိခိုက်ပျက်စီးခဲ့တယ်လို့ KIA ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်က ဒီနေ့မှာပြောဆိုလာပါတယ်။ 

စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဗန်းမော်မြို့ကိုဆန်တက်သွားတဲ့ သင်္ဘောတွေ မန္တလေးမြို့ကို ပြန်လည်ဆိုက်ကပ်ပြီးတဲ့ နောက် KIA ဘက်က ထုတ်ပြောလာတာလည်းဖြစ်ပါတယ်။ 

ပုဂ္ဂလိကသင်္ဘော ၄ စီးအထိပျက်စီးခဲ့ပြီး တန်ဖိုးအားဖြင့်  သင်္ဘောတစ်စီးရဲ့တန်ဖိုးဟာ  ကျပ်သိန်းပေါင်း ရှစ်ထောင်ကနေ ၂ သောင်းအထိရှိတယ်လို့ သူကပြောပါတယ်။ 

“ ပုဂ္ဂလိကသင်္ဘောပိုင်ရှင်တွေ နားလည်ပေးနိုင်မယ်လို့မျှော်လင့်ပြီး နွေဦးတော်လှန်ရေးကာလအရင်းအနှီးဖြစ်လို့ စီးပွားရေးတွေ ပြန်လည်တိုးပွားနိုင်စေကြောင်း ဆုတောင်းပေးတယ်” လို့ ဆိုထားပါတယ်။ 

ဩဂုတ်တတိယအပတ်ကနေ စက်တင်ဘာလ အထိ  မန္တလေးမြို့ကနေ သင်္ဘောအုပ်စုတွေဟာ   သပိတ်ကျင်း၊ထီးချိုင့်၊ ကသာ၊ရွှေကူ ၊ ဗန်းမော်မြို့တွေကို စစ်ဘက်ပစ္စည်းတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းသုံး ဆောက်လုပ်ရေးနဲ့ အခြေခံစားသောက်ကုန်တွေကို တင်ဆောင်သွားကြတာပါ။ 

ဒါ့အပြင် ဗန်းမော်မြို့ကို ပြန်ကြမယ့် ဝန်ထမ်းမိသားစု၊ စစ်ဘေးရှောင်တွေနဲ့ ကုန်သည်တွေလည်း လည်း ဒီသင်္ဘောတွေမှာလိုက်ပါသွားပြီး သေဆုံးမှုတွေရှိခဲ့တာလို့ ဗန်းမော်စစ်ရှောင်အရေးကူညီနေသူတစ်ဦးကပြောပါတယ်။ 

ရွှေကူမြို့ နဲ့ စင်းခန်း-ဗန်းမော် ကြားမှာ စစ်ရေယာဉ်တွေကို KIA+PDF ပူးပေါင်းတပ်တွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

ဒီလိုတိုက်ခိုက်မှုကြောင့် သင်္ဘော (၂၀) စင်းပျက်စီးခဲ့သလို့ သုံ့ပန်းတစ်ရာကျော်ကို ဖမ်းဆီးရမိကြောင်း  KIA ဘက်က သတင်းထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ 

ဗန်းမော်ကိုဆန်တက်ခဲ့တဲ့ စစ်သင်္ဘောတွေဟာ မန္တလေးမြို့ကို ပြန်ရောက်ခဲ့ပြီး မနေ့ကညပိုင်းမှာ ဂုဏ်ပြုပွဲပြုလုပ်ခဲ့သလို ပြင်ဦးလွင်စစ်ဆေးရုံမှာလည်း ဒဏ်ရာရစစ်သားအများအပြားကို ပို့ဆောင်ထားရတယ်လို့ စုံစမ်းသိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *