
နိုဝင်ဘာ ၁၂၊ ဗန်းမော်
ဗန်းမော်ခရိုင်တွင်းရှိ ဗန်းမော်၊ မံစီ၊ မိုးမောက် နဲ့ ရွှေကူမြို့နယ်များမှ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်လာသူတွေကို လစဉ်ကျပ်နှစ်သောင်းထောက်ပံ့မှုတွေဟာ ၂၀၂၆ ခုနှစ် နှစ်စကတည်းက ရပ်ဆိုင်းထားတယ်လို့ အမျိုးသားလွှတ်တော်မှာ “လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန” က ပြောပါတယ်။
“ ၂၀၂၆ ဇန်နဝါရီလကနေ ထောက်ပံ့မှုကို ရပ်လိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ ဒီရန်ပုံငွေက မန္တလေးငလျင်ကြီး ပြန်လည်ထူထောင်ရေးမှာ သုံးစွဲမှုတွေများပြားသွားတဲ့အတွက် ရပ်တန့်သွားတာဖြစ်ပါတယ်” လို့ ဒု-ဝန်ကြီး ဒေါက်တာသန်းစိုးကပြောပါတယ်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွင်းမှာ ကချင်ပြည်နယ်တစ်ခုလုံးက နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေကို တစ်ဦးလျှင် တစ်လ ၂၀,၀၀၀ ကျပ် ၊ စုစုပေါင်း ကျပ် သန်းပေါင်း ၂ သောင်းကျော် ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ပေးအပ်ခဲ့တာလို့ဆိုပါတယ်။
ဒီငွေပမာဏအရ တွက်ချက်ပါက လစဉ် ပျမ်းမျှ လူ ၉၃,၅၀၀ ခန့်က ထောက်ပံ့ငွေရရှိခဲ့မယ်လို့ ယူဆနိုင်ပါတယ်။
မနေ့က နိုဝင်ဘာ ၁၁ရက် မှာကျင်းပတဲ့ အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းထူးက ဗန်းမော်ခရိုင်အတွင်းက စစ်ဘေးရှောင်တွေအတွက် ကူညီထောက်ပံ့ရေးအစီအစဉ်အကြောင်း မေးမြန်းရာမှာ ဒီကိစ္စကို ပြန်ဖြေခဲ့တာလည်းဖြစ်ပါတယ်။
ဗန်းမော်ခရိုင်က စစ်ဘေးရှောင်တွေဟာ မြစ်ကြီးနားမြို့အနီးတဝိုက်မှာ အိမ်ထောင်စု သုံးထောင်ကျော် ၊ မန္တလေး-ပြင်ဦးလွင်မှာ အိမ်ထောင်စု ၄ ထောင်ကျော် ၊ ရန်ကုန်မြို့နယ်မှာ အိမ်ထောင်စု ၈၀၀ ကျော် ၊ တောင်ကြီးမြို့မှာ ၂၀ ကျော် ၊ နေပြည်တော်မှာ ၃၀၀ ကျော် တိမ်းရှောင်နေတယ်လို့ ပရဟိတအဖွဲ့တွေရဲ့ စာရင်းအရသိရပါတယ်။
သုံးနှစ်ကျော်ကြာမြင့်လာတာကြောင့် ဗန်းမော်စစ်ဘေးရှောင်အများစုဟာ မြို့ကြီးတွေမှာ ဒေသအစားအစာရောင်းချတဲ့လုပ်ငန်း၊ စက်ရုံ/အလုပ်ရုံတွေမှာ အခြေခံလုပ်သား ၊ နေ့စားဝန်ထမ်းတွေကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်း ပြုနေရတာလည်း ဖြစ်ပါတယ်။
ဒီ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်းဗန်းမော်စစ်ရှောင်တစ်ဦးကို (၂၀,၀၀၀) ကျပ် နှုန်းထောက်ပံ့တဲ့အစီအစဉ်မှာလည်း မရရှိသူစစ်ဘေးရှောင် အများအပြားလည်း ရှိခဲ့တယ်လို့ စစ်ရှောင်တွေထံကနေသိရပါတယ်။
