
နိုဝင်ဘာ ၁၂၊ အင်းတော်
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်က ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းမ ပေါက်ဝရှိ ကျေးရွာတွေမှာ စစ်တပ်စစ်ကြောင်းဝင်ရောက်ခဲ့ပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးခံရမှုနဲ့ ပစ္စည်းတွေဆုံးရှုံးတာတွေကို ပြန်လည်ထူထောင်ဖို့အတွက် အလှူငွေတစ်ရပ်ကောက်ခံနေပါတယ်။
အင်းတော်မြို့နယ်ထဲက တော်လှန်ရေးအင်အားစုတစ်ခုဖြစ်တဲ့ Indaw Revolution – IR က နိုဝင်ဘာ ၁၀ ရက်နေ့က လူမှုကွန်ရက်ပေါ်မှာဖော်ပြထားပြီး အလှူကောက်ခံနေတယ်လို့သိရပါတယ်။
ထိခိုက်ပျက်စီးသွားတဲ့ စစ်ဘေးရှောင်များအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုများပြုလုပ်နိုင်ရန် တော်လှန်ရေးအဖွဲ့အစည်းများနဲ့ ဒေသတွင်း လူမှုကူညီရေးအဖွဲ့များကအလှူငွေနဲ့ ပစ္စည်းများလက်ခံနေတာလို့ဆိုပါတယ်။
အောက်တိုဘာ ၄ ရက်နေ့ထဲက စစ်တပ်နဲ့ KIA+PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်တပ် စစ်ကြောင်းထိုးခဲ့တဲ့ လယ်ပြင်၊ မအူကုန်း၊ ပိန်းအင်း၊ ဂျုံးဂျုံးဂျ စတဲ့ကျေးရွာတွေမှာ စစ်တပ်က လူနေအိမ်အဆောက်အအုံများအပေါ် ဗုံးကြဲချမှုများနဲ့ ဒေသခံတွေရဲ့ ပစ္စည်းတွေယူဆောင်သွားတယ်လို့ ဆိုထားပါတယ်။
အဲဒီကျေးရွာတွေမှာ အိမ်ခြေ ၂၀၀ မှ ၃၀၀ နီးပါးရှိနေပြီး လူထောင်နဲ့ချီ ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်ဘေးရှောင်များအတွက် စောင်၊ ခြင်တောင်၊ အိုးခွက်၊ ပန်းကန်စတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ အစားအသောက်တွေ အဓိကလိုအပ်နေတာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရွာလုံးကျွတ်နီးပါး တိမ်းရှောင်ခဲ့ရတာကြောင့် တောထဲရှိ ဘေးလွှတ်ရာနေရာများသို့ပြောင်းရွေ့နေထိုင်နေရပြီး အမိုးအကာနေထိုင်စရာ အခင်းများလိုအပ်နေတယ်လို့ သိရပါတယ်။
အင်းတော်မြို့နယ်ရဲ့ တောင်ဘက်မှာ တိုက်ပွဲတွေငြိမ်သက်သွားပေမယ့် ၊ မြို့နယ်ရဲ့ မြောက်ဘက်ခြမ်းက မော်လူးမြို့အနီးမှာ KIA+PDF တပ်တွေနဲ့ စစ်တပ်တို့အကြား စစ်ရေးတင်းမာနေဆဲလည်းဖြစ်ပါတယ်။
