ရှမ်းနီတို့၏ လက်ထပ်မင်္ဂလာ

ရှမ်းနီတိုင်းရင်းသားတို့၏ လက်ထပ်မင်္ဂလာအတွက် တောင်းရမ်းခြင်း အခမ်းအနား

မင်္ဂလာဟူသော စကားသည် ယဉ်ကျေးမှုရှိသော လူ့အသိုင်းအဝန်း၌ လူ့သဘော လူ့ဆန္ဒသည် မင်္ဂလာရှိမှုကို တောင့်တကြသည်။ လူနှင့် လူ့ပတ်ဝန်းကျင်ပေါ် မူတည်၍ မင်္ဂလာရှိမှု၊ မင်္ဂလာမဲ့မှုသည် တည်နေပါသည်။

မင်္ဂလာဟူသည် ကြီးပွားချမ်းသာစေကြောင်း ကောင်းသော အပြုမူဖြစ်သည့်အားလျော်စွာ လောကီရေးရာ မင်္ဂလာသည် တစ်ဆယ့်နှစ်ပါးတွင် အာဝါဟ ဝိဝါဟ မင်္ဂလာဟူ၍ ထိမ်းမြားလက်ထပ်ခြင်းသည် မင်္ဂလာ ဖြစ်သည်ဟု အင်္ဂုတ္တိုရ် အဋ္ဌကထာတွင် လည်းကောင်း၊ ဧဇာတိသတ္တ ကျမ်းတွင် လည်းကောင်း ဖော်ပြထားပါသည်။

ရှမ်းနီတိုင်းရင်းသားတို့၏ ရိုးရာ ထိမ်းမြားလက်ထပ် မင်္ဂလာပွဲမှာ မင်္ဂလာကြီး၊ မင်္ဂလာငယ် ဟူ၍ နှစ်မျိုးရှိသည်။ ထိုသို့ မင်္ဂလာကြီး မင်္ဂလာငယ်ကို တခြားသော ရှမ်းမျိုးနွယ်များတွင်လည်း ကျင်းပလေ့ရှိသည်။

ရှမ်းနီ အမျိုးသားတို့၏ မင်္ဂလာပွဲ အနှစ်သာရမှာ ငွေအသပြာ မဟုတ်၊ ချစ်ခြင်းမေတ္တာသည်သာ အဓိကဖြစ်သည်။ လူနှင့်လူချင်း အဆင့်အတန်း ခွဲခြားမှု မရှိ၊ လူကို လူလို သဘောထား ဆက်ဆံကြပြီး အပျိုနှင့် လူပျို တကယ်ချစ်ခင်၍ မိဘကို အသိပေးလျှင် မိဘများက သဘောတူကြသည်။ 

အဓိကမှာ လူငယ်ချင်း ချစ်ခြင်းမေတ္တာ ရှိကြလျှင် သမီးရှင်က လက်ခံသည်သာ ဖြစ်ပါသည်။

လူပျိုအပျိုတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်စုံမက်၍ လက်ထပ်ကြလိုသောအခါ ယောက်ျားကလေးဘက်မှ အောင်သွယ်ရှေ့ဆောင်များက လာရောက်၍ သမီးပျို၏ မိဘများထံ အကျိုးအကြောင်း လာပြောကြသည်။

အကြောင်းညီညွတ်၍ လက်ခံလျှင် လက်ဖက်ထုပ် တင်ထားခဲ့ရလေသည်။ ထိုလက်ဖက်ထုပ်ကို မိန်းကလေးဘက်မှ အောင်သွယ်ရှေ့ဆောင်ပြီး သမီးရှင်ဘက်က လူကြီးများက လက်ခံကြောင်း သဘောတူလျှင် နှစ်ဖက်လူကြီးများက ပြောပြီးလျှင် စားကြရလေသည်။ ထိုသို့ ပထမဆုံး လာရောက်ပြောဆိုသည်ကို နားဖောက်သည်ဟု ဆိုလေသည်။ နားဖောက်ပြီးနောက် ဆောင်ခမ်း၊ ရွက်ခမ်း၊ ကွမ်းဖိုး၊ ကျွေးခမ်း၊ မွေးခမ်းတို့ကို မိန်းကလေးဘက်မှ အောင်သွယ်များက ညှိနှိုင်းကြရသည်။ ထိုသို့ ညှိနှိုင်းပြီးမှ သတို့သားဘက်မှ အောင်သွယ်များထံ စကားပြောရသည်။ ဤတွင် သတို့သားနှင့် သတို့သမီးဘက်မှ အောင်သွယ်များ အပေးအယူ အတိုးအလျှော့ ဆွေးနွေးညှိနှိုင်းကြရသည်။

ညှိနှိုင်းချက်များ သဘောတူညီမှု ရရှိမှသာ လက်ထပ်ပွဲ ကျင်းပဖို့ စီစဉ်လေ့ရှိကြသည်။ မင်္ဂလာဆောင် ရက်ရွေးရန် မိန်းကလေးနှင့် ယောက်ျားလေးတို့၏ ဇာတာနှစ်စောင်ကို ရွာဦးဘုန်းတော်ကြီးထံတွင်ဖြစ်စေ၊ ဗေဒင်ဆရာထံတွင်ဖြစ်စေ တင်ပြရသည်။ ၎င်းတို့ သတ်မှတ်ပေးသော အချိန်တွင် မင်္ဂလာဆောင်ရသည်။ ဗေဒင်ဆရာကို မည်မျှ ပူဇော်ရမည်ဟု သတ်မှတ်ထားချက် မရှိပေ။

ရှမ်းနီတိုင်းရင်းသားတို့ လက်ထပ်ပွဲတွင် နှစ်မျိုးရှိသည်။

ပထမတစ်မျိုးကို မင်္ဂလာငယ်ဟု ခေါ်လေသည်။ သတို့သမီးဘက်မှ သတ်မှတ်သော ကွမ်းဖိုး၊ မိရာဖရာငွေကို ပေးဆောင်ခြင်း ဖြစ်သည်။ ကွမ်းဖိုး မိရာဖရာငွေကို ပေးပြီးပါက သတို့သားသည် သတို့သမီးကို ခေါ်သွားပြီး အကြင်လင်မယားအဖြစ် ပေါင်းသင်းနိုင်လေသည်။

ဒုတိယတစ်မျိုးမှာ မင်္ဂလာကြီး ဖြစ်သည်။ မင်္ဂလာကြီးမှာ မိရာဖရာကို ပေးပြီးနောက် ဧည့်ပရိသတ်တို့ကို ဖိတ်ကြား၍ ကျွေးမွေးခြင်းပင် ဖြစ်လေသည်။ မင်္ဂလာကြီးကို ငွေကြေးချောင်လည်သည့်အခါ သို့မဟုတ် သားသမီးရသည့်အချိန်တွင်လည်း ပြုလုပ်နိုင်သည်။ မင်္ဂလာဆောင်ရာတွင် မိရာဖရာ ကွမ်းဖိုးမှာ ထုံးတမ်းအစဉ်လာအရ ခုနစ်ကျပ်တစ်မတ် စတိသဘော ပေးရသည်။ ကွမ်းဖိုးပေးပြီးက သတို့သမီး၏ မိဘများထံမှ သတို့သမီးအတွက် အိမ်ထောင်ပရိဘောဂများကို တောင်းရလေသည်။ မိဘများက သမီးနှင့် ထိုက်သည့်အားလျော်စွာ ဘူးစေ့၊ ဖရုံစေ့၊ ဓား၊ ခြင်းတောင်း၊ ဆားပလုပလုတ်တို့မှစ၍ လယ်ယာ ကျွဲနွားစသည်အထိ ခွဲပေးရလေသည်။ အကယ်၍ လက်ထပ်ပြီးနောက် လင်မယားကွဲလျှင် မိဘတို့ပေးသော ပစ္စည်းအားလုံးကို မိန်းကလေးက ပြန်ယူရလေသည်။ မိန်းမကို ယောက်ျားက ကွာလိုလျှင် မိန်းမကိုယ်ဖိုးအတွက် ပေးလျော်ရသည်။ မိန်းမက ကွာလိုလျှင်လည်း ယောက်ျားကို လျော်ရသည်။

ရှမ်းနီ၊ ခန္တီး၊ ကတူး၊ ကနန်း ရှမ်းတို့၏ အထူးသတ်မှတ်ချက်မှာ မင်္ဂလာမဆောင်ဘဲ ရသောသားကို ရှင်မပြုပေးရ၊ သမီးကို မင်္ဂလာကိစ္စ မပြုရ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူများ ဖြစ်ကြသောကြောင့် လူ့ဘဝတွင် မိမိသားကို ရှင်သာမဏေအဖြစ် သွပ်သွင်းချီးမြှင့်မှ လူဖြစ်ကျိုးနပ်သည်ဟု စွဲလမ်းယုံကြည်ကြသည်။

ရှမ်းနီ ခေါ် တိုင်းလိုင်၊ တိုင်းနိုင်း၊ တိုင်းချောင်း လက်ထပ်မင်္ဂလာ

ရှမ်းနီ မင်္ဂလာဆောင် ကျင်းပပုံမှာ ရှမ်းနီတို့သည် မိရိုးဖလာ နတ်ကိုးကွယ်မှုများ ရှိသဖြင့် ထုံးစံများလည်း များလှသည်။ ကတူး၊ ကနန်းတို့ထက်လွန်၍ နတ်များစွာကို ကန်တော့ရသည်။ မင်္ဂလာပွဲ အခမ်းအနား စလျှင် သတို့သားသည်-

(၁) စောက်စောက် (ဖီနမ့် ဖီဟိန်း စောက်) ဟုဆို၍ နတ်များကို ဦးသုံးကြိမ် ညွတ်ရသည်။ (အဓိပ္ပါယ်မှာ ဖီနမ့်ခေါ် ရေနတ်၊ ဖီဟိန်းခေါ် အိမ်နတ်တို့ကို ရှိခိုးပါ၏)

(၂) စောက်စောက် (ပူစောက် စောက်) ဟုဆို၍ အဘိုးများကို ဦးသုံးကြိမ် ညွတ်ရသည်။ (ပူ သည် အ ဘိုး)

(၃) စောက်စောက် (ပေါ်စောက် စောက်) ဟုဆို၍ ယောက္ခထီးကို မိမိနဖူးအား မိမိလက်ဖြင့် ကိုင်၍ အရိုအသေ ပေးရသည်။ (ပေါ်စောက် သည် ယောက္ခထီး)

(၄) စောက်စောက် (မယ်စောက် စောက်) ဟုဆို၍ ယောက္ခမကို အထက်ပါအတိုင်း ဦးသုံးကြိမ် ညွှတ်၍ အရိုအသေ ပေးရသည်။ (မယ်စောက် သည် ယောက္ခမ)

(၅) စောက်စောက် (ပေါ်စောက်) တောင်းလုံစောက် ဟုဆို၍ ယောက္ခထီးနှင့်တကွ ကြွရောက်လာကြသော လူကြီးအားလုံးကို အရိုအသေ သုံးကြိမ် ပြုရသည်။ (တောင်းလုံ သည် အားလုံး)

(၆) စောက်စောက် (မယ်စောက်) တောင်းလုံစောက် ဟုဆို၍ ယောက္ခမနှင့်တကွ ပါလာသော မိန်းမကြီးအားလုံးကို အရိုအသေ သုံးကြိမ် ပြုရသည်။

(၇) စောက်စောက် (ပီစောက်) စောက် ဟုဆို၍ သတို့သမီး အစ်ကိုဘက်ကို ဦးသုံးကြိမ် ညွှတ်ကာ အရိုအသေ ပြုရသည်။ (ပီ သည် အစ်ကို)

(၈) စောက်စောက် ပီစောက် တောင်းလုံစောက် ဟုဆို၍ ယောက်ဖကြီးနှင့်တကွ ပါလာသော အစ်ကိုကြီးများအားလုံးကို ဦးသုံးကြိမ် ညွှတ်၍ အရိုအသေ ပြုသည်။

ဤကဲ့သို့ မောက်ကြေး၊ မောက်ဆိုင်၊ မောက်ဖွဲ့၊ မောက်လွန်၊ မောက်ဆွန် နတ်မျိုး ခြောက်ဘိုး၊ ခြောက်ဘွားနှင့်တကွ ပရိသတ်များကို ထုံးစံအရ အရိုအသေ ပြုပြီးမှ သတို့သမီး မိဘနှစ်ပါးနှင့် ခြောက်ဘိုး ခြောက်ဘွားတို့ကို လက်ဖက်ကျည်၊ ငါးချဉ်ထုပ် စသည်တို့ကို လက်ဆောင်ပေးရလေသည်။

သတို့သမီးဘက်မှ မိဘများနှင့် ပရိသတ်များကလည်း လက်ဖွဲ့ကြသည်။ တစ်ဖန် ခေါင်တိုင်နတ်ကို ဝင်၍ အရိုအသေ ပြုရသည်။ ရိုးရာအလိုက် နတ်များကို သမက်ကို ပြ၍ ဆုတောင်းခြင်းပင် ဖြစ်သည်။ နတ်ကို ပြရာတွင် ကြက်သား၊ ကြက်သည်း၊ ထမင်း၊ ကြက်ဥ၊ ငါးချဉ်၊ လက်ဖက် စသည်တို့ဖြင့် ပူဇော်ပသပြီး ဆုတောင်းကြရသည်။

ရိုးရာအကြီးအကဲက နတ်အား သမီးသည် ချွေးမအဖြစ် မည်ရွာ မည်ဌာနသို့ လိုက်ပါရတော့မည် ဖြစ်ကြောင်း၊ ဤလင်မယားကို ကူညီမစပါစေလိုကြောင်း တိုင်တည်ပြောဆိုရလေသည်။ ခဲဖိုးခေါ် ငွေကြေးကို လူပျိုများအား သတို့သား ရှေ့ဆောင်က ပေးရသည်။ အပျိုရံအတွက်လည်း ငွေကြေး ပေးရလေသည်။

မင်္ဂလာပွဲကို ဦးဆောင်တာဝန်ယူ ချက်ပြုတ်ရာတွင် ပေါ်ခင် ခေါ် လူပျိုခေါင်းနှင့် မယ်ခင် ခေါ် အပျိုခေါင်းတို့မှာ တာဝန်ယူ ခွဲဝေ ချက်ပြုတ်လေ့ရှိသည်။ မင်္ဂလာပွဲ ပြီးလျှင် ပေါ်ခင်၊ မယ်ခင်တို့အား သီးသန့် ကန်တော့ပွဲ တစ်ပွဲ ပေးရသည်။ ထိုပေါ်ခင်၊ မယ်ခင်တို့သည် ရပ်ရေးရွာရေး၊ သာရေးနာရေးတွင် အဓိက ဦးဆောင်သူများ ဖြစ်ကြသည်။ ရှမ်းနီလူမျိုးတို့၏ ပေါ်ခင်၊ မယ်ခင်များသည် ပေါ်မိန်း၊ ထမုံ သို့မဟုတ် ရွာသူကြီးများပြီးလျှင် သြဇာအရှိဆုံးသူများ ဖြစ်သည်။

အထက်ပါ ရှမ်းများသည် ရိုးရာ မင်္ဂလာအစီအစဉ် ကျင်းပပုံမှာ တူညီကြပြီး အဓိက ခြားနားသည်မှာ ရိုးရာနတ် အရိုအသေ ပြုပုံသာ ခြားနားကွာခြားလေ့ရှိသည်။

ကျားပေါက်ရေးသားသည်။ ထုတ်နုတ် – (တက္ကသိုလ်ရှင်သီရိ) ပြည်ထောင်စုသားတို့၏ ရိုးရာ လက်ထပ်မင်္ဂလာပွဲ ဓလေ့များ

Leave a Reply

Your email address will not be published. Required fields are marked *