တန်ဆောင်တိုင်ပိတ်ရက်တွေမှာ အချိန်အကန့်အသတ်မရှိဖွင့်ထားတဲ့ ဗလမင်းထင်တံတား သွားလာခွင့်ပြန်လည်ကန့်သတ်

နိုဝင်ဘာ ၂၆ ၊ မြစ်ကြီးနား

မြစ်ကြီးနားမြို့ နဲ့ ဝိုင်းမော်မြို့ကို ဖြတ်သန်းသွားလာတဲ့ ဧရာဝတီမြစ်ကူးတံတားဖြစ်တဲ့  ဗလမင်းထင်တံတားကို တန်ဆောင်တိုင်ပွဲတော်ရက်တွေမှာ အချိန်အကန့်အသတ်မရှိဖွင့်ထားပေးခဲ့ပြီးနောက် ဒီနေ့မှာတော့ ပြန်လည်ပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ 

မြစ်ကြီးနားမြို့မှာ ယခုနှစ်အတွင်းကျင်းပတဲ့ တန်ဆောင်တိုင်ပွဲတော်ရက်အတွင်း  ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့ဘက်ခြမ်းက ဘုရားဖူးဒေသခံများနဲ့ ပွဲလာတဲ့သူများအဆင်ပြေစေဖို့  ဗလမင်းထင်တံတားကို အချိန်အကန့်အသတ်မရှိ ဖြတ်သန်းခွင့်ပြုခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။ 

အခု နှစ် တန်ဆောင်တိုင်ကာလမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့က   Myitkyina Night Market  (မြစ်ကြီးနားညစျေး) ဖွင့်လှစ်ခြင်း၊  ရှင်ဥပဂုတ္တမထေရ်မြတ်နဲ့အတူ ဆီမီး ၂၀၀၀၀ ထွန်းညှိပူဇော်ခြင်း၊မီးပုံးပျံ ၅၀၀ လွှတ်တင် ပူဇော်ခြင်း၊ တေးဂီတ အစီအစဉ်၊ ရိုးရာအကပွဲတွေနဲ့ ကျင်းပခဲ့တာပါ။

“ တန်ဆောင်တိုင်ညက တံတားမပိတ်ဘူးလေ။  ည ၉ နာရီပြန်ခဲ့တာတောင် ဘာမှမစစ်ဘူး၊ တစ်ချို့ဆို ည ၁၀ နာရီ ၁၁ မှ ပြန်ကြတာလည်းရှိတယ်၊သွားကြတာအများကြီးပဲ တိုးလို့တောင်မရဘူး” လို့ ဝိုင်းမော်မြို့က ဒေသခံတစ်ဦးကပြောပြပါတယ်။ 

မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ဖြတ်ကူးထားတဲ့  ဗလမင်းထင်တံတားကို ပုံမှန်ကာလတွေမှာ မနက် ၆ နာရီမှ ည ၆ နာရီအတွင်းကိုသာ  ဖွင့်လှစ်ထားတာဖြစ်ပြီး နယ်မြေအခြေအနေပေါ်မူတည်ပြီးတော့ ဖြတ်သန်းခွင့်ပြုထားတာလည်းဖြစ်ပါတယ်။

ဒီတံတားဟာ တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက အရေးပါတဲ့ တံတားတစ်စင်းဖြစ်ပြီးတော့ လုံခြုံရေးတင်းကြပ်ပါတယ်။

တရုတ်နယ်စပ်ကန်ပိုင်တည်မြို့ကနေဝင်တဲ့ တရုတ်ကုန်ပစ္စည်းတွေဟာ  ဗလမင်းထင်တံတားမှာ ဖြတ်သန်းခွင့်ပိတ်ပင်ထားတာ လနဲံချီကြာမြင့်နေပြီး ဝိုင်းမော်မြို့ကနေ သုံးဘီး၊စက်လှေတွေနဲ့ အသုံးပြုပြီး ကဲ့သယ်ယူနေကြရဆဲလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *