ICJ ရဲ့ ဆုံးဖြတ်ချက်တွေထဲက တချို့ကိုသာ လုပ်ဆောင်သွားမယ်လို့  ဦးမင်းအောင်လှိုင်ပြော

နိုဝင်ဘာ ၂၆ ၊ နေပြည်တော်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ ) ရဲ့  မြန်မာနိုင်ငံအပေါ် စီရင်ချက်တွေထဲ  လိုက်နာ လုပ်ဆောင်ဖို့လိုအပ်တဲ့အရာတွေကို လုပ်ဆောင်သွားမှာပါလို့ မနေ့က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ သမ္မတ ဦးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

လက်ရှိမှာ သူက နိုင်ငံ့ခေါင်းဆောင်ဖြစ်ပြီး မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေအားလုံးက သူ့တာဝန်ဖြစ်သလို တာဝန်သိနိုင်ငံတစ်ခုအနေနဲ့  လိုက်နာဖို့လိုတာတွေကို လိုက်နာမှာဖြစ်ကြောင်း ပြည်ထောင်စုအစဉ်းအဝေးမှာ ဆိုထားတာပါ။

ဒါပေမယ့် လိုက်နာဆောင်ရွက်ဖို့ မသင့်တဲ့ စီရင်ချက်တွေကိုတော့ ဆောင်ရွက်သွားမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

တရားစွဲဆိုနေတဲ့ နှစ်ကာလအတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ လျှောက်လဲချက်တွေ တင်သွင်းရာမှာ အချက်အလက်များ၊ မှတ်တမ်းများ နဲ့ သက်သေအထောက်အထား အားလုံးကို ပြည့်ပြည့်စုံစုံ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

ICJ တရားရုံးရဲ့ ဆုံးဖြတ်ညွှန်ကြားချက်တွေထဲမှာ မြန်မာu လိုက်နာဆောင်ရွက်ရမယ့်အချက်တွေက ရိုဟင်ဂျာတွေအပေါ်  လူမျိုးသုဉ်းသတ်ဖြတ်ခြင်းမှာ ပါဝင်ကျူးလွန်ခဲ့သူများကို  ပြည်တွင်းမှာ အရေးယူပေးဖို့၊ ရိုဟင်ဂျာတွေကို လျော်ကြေးပေးဖို့ ၊  ဘေးကင်းကင်းနဲ့ နေရပ်ပြန်နေခိုင်းဖို့  တွေ ပါဝင်ထားပါတယ်။

ဒီထဲက လိုက်နာ လုပ်ဆောင်မယ့်အချက်နဲ့ မလုပ်မယ့်အချက်တွေက ဘယ်အချက်တွေဖြစ်တယ်ဆိုတာကို  ဦးမင်းအောင်လှိုင်က ခွဲခြားပြောဆိုခဲ့ခြင်းတော့ မရှိပါဘူး။

ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်ခဲ့တယ်လို့ စီရင်ချက်ချခဲ့တဲ့ကိစ္စရပ်ဟာ တစ်ဖတ်သတ် စွပ်စွဲချက်သာဖြစ်ပြီး နိုင်ငံ့ဂုဏ်သိက္ခာကို များစွာထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။

တရားရုံးက ဒီစီရင်ချက်ချပြီးနောက် ဗြိတိန်နိုင်ငံကလည်း မြန်မာစစ်တပ်အရာရှိကြီး ၅ ဦးကို သီးခြားအရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်သလို ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားဝင်အသိအမှတ်ပြုမယ်လို့လည်း ကြေညာခဲ့ပါတယ်။

အရေးယူပိတ်ဆို့မှုခံရတဲ့ စစ်တပ်အရာရှိတွေက ဗိုလ်ချုပ် ကျော်စိုး၊ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာဦး၊ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဗိုလ်ချုပ်ဟောင်း မြတ်သက်ဦး၊ ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် တို့ဖြစ်ပြီး  အဲဒီစစ်တပ်အရာရှိတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာနဲ့ ဗြိတိန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပိတ်ပင်တာတွေ ပါဝင်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *