ဗန်းမော်စစ်ရှောင်တွေကို SNA အပါအဝင် ရှမ်းနီပါတီနဲ့ အရပ်ဘက်အဖွဲ့တွေ ကူညီထောက်ပံ့

ဩဂုတ် ၁၀၊ ဗန်းမော်

မန္တလေးမြို့ကို စစ်ဘေးတိမ်းရှောင်လာရောက်ရှိနေတဲ့  ဗန်းမော်မြို့ကစစ်ဘေးရှောင်တွေကို ရှမ်းနီအမျိုးသားများတပ်မတော် (SNUC/ SNA) နဲ့ မန္တလေးအခြေစိုက်ရှမ်းနီလူမှုရေးအသင်း၊  တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) တို့က ပူးပေါင်းပါဝင် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဩဂုတ် ၉ ရက်၊ မန္တလေးမြို့ စက်မှု(၂)ရပ်ကွက်က မစိုးရိမ်တိုက်သစ်ကျောင်းတိုက်မှာ ထောက်ပံ့လှူန်းမှုတွေ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

လှူဒါန်းခဲ့တဲ့ အိမ်ထောင်စုပေါင်း ၃၄၀ ၊ လူဦးရေ ၁၇၈၇ ဦးရှိပြီး  အိမ်ထောင်စုတစ်စုကို  ဆန် ၁ အိတ်၊ ဆီ ၁ ဗူး၊ ဆား ၁ ထုတ်၊ ဟင်းချိုမှုန့်တစ်ထုတ်အပြင် ငွေကျပ် ၁ သိန်းခွဲစီ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

“ အခုဒီမှာ ထောက်ပံ့ပေးတဲ့ပစ္စည်းကိုလက်ခံယူနေရတာ ဝမ်းသာသလို ဝမ်းနည်းမှုလည်းဖြစ်တယ်။ ဗန်းမော်ဆိုတာ ကိုယ့်အားကိုယ်ကိုးပြီးရုန်းကန်လုပ်စားခဲ့တဲ့သူတွေပါ။ အခုကိုယ်နေရာမဟုတ်တဲ့ နေရာဒေသစိမ်းတဲ့နေရာမှာ ကျင်လည်လုပ်ရှားရတော့ အခက်အခဲကြုံနေရတဲ့အခါထောက်ပံမှုတွေ ဖေးမမှုတွေရတော့ ရင်ထဲမှာဝမ်းသာပီတိဖြစ်ရပါတယ်” စစ်ရှောင်တစ်ဦးကပြောပါတယ်။ 

ဗန်းမော်မြို့ပေါ်က (၁၀) ရပ်ကွက်နဲ့ အနီးကျေးရွာအတွေအပြင် မိုးမောက်မြို့နဲ့ မံစီမြို့ကတွေလည်းပါဝင်တယ်လို့ သိရပါတယ်။ 

စစ်ရှောင်တွေဟာ ဘုန်းကြီးကျောင်းနဲ့   နီးစပ်ရာဆွေမျိုးအိမ်တွေအပြင်  အိမ်ငှားဖြင့်ငှားရမ်းနေထိုင်နေကြတာဟာ(၂ )နှစ်နီးပါး ကြာမြင့်နေပြီလို့သိရပါတယ်။

“ ပြန်လာလို့ရပြီဟေ့ဆိုရင်တောင် နေစရာမရှိတော့ဘူး ဒါပေမဲ့လည်းရပြီဆိုရင်တော့ဒီနေ့ဆို ဒီနေ့ပြန်မှာပဲ ဘယ်လိုပဲနေရနေရ “ လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ 

ဗန်းမော်ဒေသခံများမှာ တိုက်ပွဲနဲ့ဝေးရာဘေးလွတ်ရာကို ရွေ့ပြောင်းကြရင်း ပြင်ဦးလွင် ၊ မြစ်ကြီးနား၊ မိုးညှင်းနဲ့ ဟိုပင်စတဲ့မြို့နယ်များမှာလည်း တိမ်းရှောင်နေကြတာရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့မှစ ဗန်းမော်မြိုအတွင်း စစ်တပ်နဲ့ KIA+ PDF ပူးပေါင်းတပ်များ နှစ်ဖက်တိုက်ပွဲအပြန်အလှန် ဖြစ်ပွားခဲ့ပြီးနောက် မြိုလုံးကျွတ် တိမ်းရှောင်ခဲ့ရတာ ဒီနေ့အချိန်ထိဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *