CDM  ဆရာ/မတွေကိုစစ်ကောင်စီကလစာမဲ့ခွင့်အဖြစ်သတ်မှတ်ပြီးပြန်လည်ခေါ်နေ 

မေ ၁၇ ၊ ရှမ်းနီအသံ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ CDM ပြုလုပ်ခဲ့တဲ့ အခြေခံပညာ ဆရာ/မတွေကို စစ်ကောင်စီက လစာမဲ့ခွင့်အဖြစ် သတ်မှတ်ပြီး ပြန်လည်ခေါ်ယူနေတယ်လို့ မေလ ၁၆ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ 

၂၀၂၂-၂၀၂၃   အခြေခံပညာသင်နှစ်ကို လာမယ့် ဇွန်လ (၂) ရက်နေ့မှာပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး အရေးယူခံထားရတဲ့ CDM ဝန်ထမ်းတွေကို ပြန်လည်အယူခံဝင်နိုင်တယ်ဆိုပြီး ပြောဆိုထားတာလည်းဖြစ်ပါတယ်။ 

ဒီလိုအယူခံဝင်ရာမှာလည်း ရာဇဝတ်မှုကျူးလွန်ထားသူတွေမပါပဲ တာဝန်ကနေကင်းကွာနေတဲ့ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးဆဲ ဝန်ထမ်းတွေနဲ့ အယူခံတင်သွင်းတဲ့ ဝန်ထမ်းတွေကို လစာမဲ့ခွင့်အဖြစ်သတ်မှတ်ပြီး တာဝန်ပြန်လည်ထမ်းဆောင်စေမယ်လို့ ဆိုပါတယ်။ 

“ ခုက CDM ဆရာ/မတွေကိုပြန်ခေါ်တယ်ဆိုတာလည်းဆရာ/မတွေပါလာရင်ကျောင်းသူ/သားတွေလည်းပါလာမယ်လို့တွက်ထားပုံရတယ်။ဒါကြောင့်ပညာရေးကနိုင်ငံတစ်နိုင်ငံမှာ  အဓိကအရေးကြီးတယ်ဆိုတာနဲ့ပတ်သက်ပြီးသူတို့အာဏာသိမ်းယူထားစဉ်မှာလည်းပညာရေးစနစ်တစ်ခုလုံးလည်ပတ်နေတယ်လို့ကမ္ဘာကိုချပြချင်တာရယ်/ပညာရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာကအကူအညီထောက်ပံကြေးတွေလိုချင်တာရယ်/နောက်တစ်ခုက Pdf တွေနဲ့စစ်ဖြစ်လာရင်ဓားစာခံလုပ်ဖို့အတွက်လို့ပဲမြင်မိပါတယ်။ဘုန်းကြီးကျောင်း /စာသင်ကျောင်းတွေကလည်းသူတို့ဓားစာခံလုပ်လို့အကောင်းဆုံးနေရာပဲလေ။ဒါကြောင့်စကစဘက်ကခုလို CDMers ဆရာ/မတွေကိုပြန်ခေါ်တယ်ဆိုတာဘယ်လိုနည်းနဲ့ပဲတွေးတွေးကောင်းတဲ့ဘက်ကမဟုတ်ဘူးလို့ပဲသဘောထားမိပါတယ်။”  လို့ CDM ဆရာမတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ် မေလထဲမှာ CDM ပြုလုပ်တဲ့ ဆရာ/မတွေ သောင်းနဲ့ချီကို ဝန်ထမ်းစည်းကမ်းနဲ့ အရေးယူပြီး အလုပ်ကနေ ထုတ်ပယ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် CDM ဝန်ထမ်းတွေကို သူတို့ရဲ့အခြေခံရပိုင်ခွင့်တွေကို ကန့်သတ်ထိန်းချုပ်မှုတွေထိပါပြုလုပ်မှုတွေလည်းရှိခဲ့ပါတယ်။ 

စစ်ကောင်စီက ၂၀၂၁ ခုနှစ်မှာ CDM ဝန်ထမ်းတွေကို ထုတ်ပြီးတဲ့နောက် ဆရာ/မအသစ်တွက် ဆယ်တန်းအောင်မြင်ပြီးသူတွေနဲ့ ဘွဲ့ရတွေကို CDM ဆရာ/မတွေနေရာမှာ အစားထိုးဖို့အတွက် စာမေးပွဲစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ 

သို့ပေမယ့်  ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသူ/သားအများစုနဲ့ စာသင်ကျောင်းအများစုက ပိတ်ထားခဲ့ရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *