ဟုမ္မလင်းမြို့ကစစ်ဘေးရှောင် (၃၀၀)ကျော်အတွက်ရှမ်းနီစစ်ရှောင်ကူညီရေးအဖွဲ့သွားကူညီ

ဇူလိုင် ၂၄ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာ(၈)ရွာက   စစ်ဘေးရှောင်ဦးရေ(၃၅၀)ကျော်အတွက် ရှမ်းနီစစ်ရှောင်ကူညီရေးဖွဲ့တစ်ခုဖြစ်တဲ့ ရှမ်းနီစစ်ရှောင်ကူညီရေးနဲ့ လူသားချင်းစာနာရေးအဖွဲ့(SRAHO) က အခြေခံစား သောက်ကုန်တွေ သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။ 

“ ဆန်၊ဆီ၊ဆား၊ငါးပိ တစ်ဆက်စီပါ့လေ၊ စုစုပေါင်းတန်ဖိုး သိန်းတစ်ရာကျော်တယ်ခင်ဗျာ့ မနေ့ကသွားကူညီခဲ့တာ ” လို့ SRAHO ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ 

စွယ်ကြာပေါ်ကျေးရွာရှိ ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ရှောင် အိမ်ထောင်စု (၇၃) စုနဲ့ စစ်ရှောင် (၃၅၄) ဦးရှိပြီး   ဟုမ္မလင်းမြို့နယ်ထဲက ပုရစ်၊ဖာနိုင်း၊ရေလဲ၊မြင်သာ၊ငိုးပင်း၊ဇီးပင်သာ၊နောင်ဆန်းကျင်၊မြိုင်သာ ကျေးရွာတွေအပြင် တမူးမြို့နယ်ထဲက မင်းသာ၊သနန်ကျေးရွာဒေသခံတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

ဒီစစ်ဘေးတိမ်းရှောင်သူတွေထဲမှာလည်း ကျောင်းသား/သူ( ၁၁၆) ဦးအထိရှိပြီး အနီးနားက ကျေးရွာတွေမှာ ပညာသင်ကြားနေတယ်လို့သိရပါတယ်။ 

အခုစစ်ဘေးရှောင်အများစုဟာ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာအများစုဖြစ်ပြီး (၂၀၂၃)ခုနှစ် ကတည်းက စစ်ရှောင်ခဲ့တာ လက်ရှိမှာ (၃ )နှစ်ကျော်ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွင်းကို ဟုမ္မလင်းကျေးရွာတွေဘက်ကအပြင် တမူးမြို့နယ်၊ ဗန်းမောက်မြို့နယ်တွေနဲ့ ဖားကန့်မြို့နယ်ဘက်ကနေလည်း စစ်ဘေးတိမ်းရှောင်မှုတွေရှိနေပြီး ဘုန်းတော်ကြီးကျောင်းများနဲ့ ရိပ်သာတွေမှာ အဓိက ခိုလှုံနေထိုင်နေကြရတာလည်းဖြစ်ပါတယ်။

အကူအညီလိုအပ်နေတဲ့  စစ်ကိုင်းတိုင်း၊ကချင်ပြည်နယ်အတွင်းက တိုင်းရင်းသားတွေနဲ့  နေရာအနှံ့အပြားက ရှမ်းနီတိုင်းရင်းသားတွေအတွက် ထောက်ပံ့ကူညီပေးရေးကိစ္စရပ်များဆောင်ရွက်မှုတွေကို (SRAHO)အဖွဲ့က (၂၀၂၅)ခုနှစ်ကနေစပြီး လက်လှမ်းမီသလောက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *