
ဇူလိုင် ၂၄ ၊ ထီးချိုင့်
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ပေါ်ကို နေရပ်ပြန်ဝင်နေထိုင်တဲ့ ဒေသခံတွေဟာ သောက်သုံးရေပြတ်တောက်မှုတွေဖြစ်ပေါ်နေပြီး အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထီးချိုင့်မြို့ဟာ သောက်သုံးရေအတွက် ရေဘုံပိုင်တွေဟာ တိုက်ပွဲကာလအတွင်းခိုးယူခံရပြီးတော့ ပြင်လည်တပ်ဆင်နိုင်ခြင်းမရှိသေးတာကြောင့် ( ၁) လီတာ ရေသန့်ဘူးတွေကိုသာ ဝယ်ယူသောက်သုံးနေရတာလို့ ပြောကြပါတယ်။
“ ဘုံပိုင်တွေက သံနဲ့လုပ်ထားတဲ့ဟာတွေဆိုတော့ ဖြုတ်ပြီး ခိုးသွားကြတယ်။ သံဈေးတွေနဲ့ ပြန်ရောင်းကြတယ်။ တစ်မြို့လုံး မရှိတော့ဘူး။ တခြားသံတွေကိုရော ခိုးကြတာ။ ဘုံပိုင်တွေ မရှိတော့ဘူး” လို့ ဒေသခံတစ်ဦး ကပြောပါတယ်။
လက်ရှိမှာတော့ မြသိန်းတန်ဘုရား ဆိပ်ကမ်းနဲ့ သရက်မော် ဆိပ်ကမ်းတွေမှာသာ သောက်သုံးရေကို ခပ်ယူပြီး အသုံးပြုနေတယ်လို့ ဆိုပါတယ်။
ဒီလိုသွားရောက်ဖို့ရာမှာလည်း မြစ်ကမ်းဘေးလမ်းပိုင်းတွေဟာ မရှိတော့ဘဲ ပျက်စီးနေတယ်လို့ဆိုပါတယ်။
တချို့ရေတွင်းတွေဟာ ရှိပေမယ့် အသုံးမပြုကြတာကြောင့် ရေတွင်းတွေမှာ ရေဆီများတက်နေပြီး အသုံးပြုလို့ မရတော့ဘူးကြောင်း သိရပါတယ်။
“အရင်က တူးထားကြတဲ့ ရေတွင်းတွေရှိတာပေါ့လေ။ ဒါပေမယ့် အဲဒီရေတွေက သုံးလို့မရတော့ဘူး။ ရေဆီတွေ တက်ပြီး နံနေတာ” လို့ မြို့ပေါ်နေထိုင်သူတစ်ဦးက အခုလို ပြောပြပါတယ်။
ထီးချိုင့်မြို့ပေါ်မှာ နေထိုင်ကြတဲ့ အမှတ် (၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက်အားလုံးဟာ နေ့စဉ် ရေသန့်ကိုသာ ဝယ်ယူအသုံးပြုနေရပြီး ရေသန့်ဈေး ကြီးမြင့်လာတာကြောင့် သောက်သုံးရေအတွက် ပူပန်မှုတွေဖြစ်နေကြတယ်လို့ သိရပါတယ်။
“ ရေသန့်တစ်ဗူးကို ၁,၅၀၀ ကျပ် ပေးရတယ်။ တစ်ကဒ်ကို (၉,၀၀၀) ကျပ်လောက် ပေးရတယ်။ မိသားစုများတဲ့သူတွေကတော့ တစ်ရက်ကို တစ်ကဒ်လောက်တော့ ကုန်တာပေါ့။” လို့ မြို့ပေါ်နေထိုင်သူက အခုလို ပြောပြပါတယ်။
ထီးချိုင့်မြို့ကို ပြန်လည်ဝင်ရောက်နေထိုင်သူဒေသခံတွေအပါအဝင် အုပ်ချုပ်ရေးယန္တရားထဲက လူတွေအားလုံးကပါ သောက်သုံးရေကို ဝယ်ယူအသုံးပြုနေရတာလည်းဖြစ်ပါတယ်။
