မိုးညှင်း-မြစ်ကြီးနား ရထားလမ်းဖွင့်ပြီး ရက်ပိုင်းအကြာ သံလမ်းထိန်းကလစ်ဖြုတ်ခိုးခံရ ပြီး လမ်းချော်မှုဖြစ် 

ဇူလိုင်(၂၄)၊ မိုးညှင်း

မိုးညှင်း-မြစ်ကြီးနား မီးရထားစတင်ပြေးဆွဲပြီး တစ်ရက်အကြာမှာပဲ သံလမ်းထိန်းကလစ်တချို့ဖြုတ်ခိုးခံရပြီး လမ်းချော်မှုတွေဖြစ်ပွားခဲ့တယ်လို့ မိုးညှင်းဒေသခံတွေက ပြောပါတယ်။ 

“ဟိုနေ့ကလမ်းချော်သွားတာတဲ့ နန်းခွင်မှာရထားလမ်းချော်သွားတာ၊ ရထားအဆက်တွေကိုဖြုတ်ခိုးထားတယ်၊ အခုပြန်ပြင်လိုက်လို့ကောင်းသွားပြီ၊ ကြီးကြီးမားမားဖြစ်တာတော့မဟုတ်ဘူး၊ လမ်းနည်းနည်းချော်သွားတာပဲ။”လို့ ဟိုပင်မြို့အနီး နေထိုင်သူတစ်ဦးက အခုလိုပြောပြပါတယ်။

သံလမ်းထိန်းကလစ်တွေဖြုတ်ယူခြင်းခံထားရတာဖြစ်ပြီး ကြားလမ်းရှိ ပေ စုစုပေါင်း(၂၄၀) ခန့်အတွင်းက သံလမ်း(၃)ဆက် ပေ(၁၂၀)ခန့် ၊ သံလမ်းကလစ်အခုရေ (၄၈၀)ခု ခိုးယူခံထားရတာဖြစ်ကြောင်း မီးရထားဘက်ကလည်း ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ (၂၂)ရက်နေ့ နေ့လည်(၁)နာရီ အချိန်မှာ နန်းခွင် နဲ့ ဟိုပင် ဘူတာအကြားရှိ လမ်းပိုင်းလုံခြုံရေးကင်းလှည့်တဲ့ မီးရထားစက်ခေါင်းအပါ ရထားတွဲနှစ်တွဲဟာ လမ်းဘေးချော်ကျခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် ရထားလမ်းပြန်လည်ပြုပြင်ခြင်းတွေ တစ်ရက်အကြာခန့် ပြင်ဆင်ခဲ့ရပြီး အဲဒီအတောအတွင်း လမ်းပိုင်းယာယီပိတ်ထားခဲ့ကြောင်း သိရပါတယ်။

မနေ့က ညနေပိုင်းမှာ လမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ပုံမှန်အတိုင်းမီးရထားပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုကလိုက်စီးကြတယ်၊ ကားခနဲ့ရထားခက အကွာကြီးလေ၊  ကားခကဖြင့် (၇)သောင်းလောက်ပေးရတာလေ။ ၄ ဆလောက်တောင်ကွာတာလေ၊ ဒါပေမယ့်အချို့ဘူတာတွေလည်း သူတို့ထုတ်ပြန်ထားပေမယ့် မရပ်တာတွေလည်းရှိပါတယ်။ ညောင်ကုန်းဘူတာလိုမျိုးဆို တော်တော်ပျက်နေတာ မရပ်လောက်ဘူး။ “လို့  မိုးညှင်းမြို့ ပေါ်နေထိုင်သူတစ်ဦးက ဆိုပါတယ်။ 

မြစ်ကြီးနား-မိုးညှင်း၊မိုးညှင်း-မြစ်ကြီးနား အထိ အစုန်အဆန်ရထားလက်မှတ်စျေးနှုန်းတွေက ရိုးရိုးတန်း( ကျပ်  ၁၅၀၀၀) နဲ့ အထက်တန်းကို ( ကျပ် ၂၅၀၀၀) ဖြင့် တစ်ရက်ကြိုတင်လက်မှတ်ဝယ်ယူရပြီး လူစီးတွဲ(၅)တွဲ ပါရှိတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *