
ဇူလိုင် (၂၄)၊ အိန္ဒိယ
အိန္ဒိယနိုင်ငံမှာ NEET စာမေးပွဲ မေးခွန်းပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ကျောင်းသားနဲ့ လူငယ်တွေရဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ အမြင့်ဆုံးတရားရုံး (Supreme Court) က အစိုးရရဲ့ တားဆီးနှိမ်နင်းရေး ဆောင်ရွက်ချက်တွေကို ဆက်လက်စောင့်ကြည့်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
တရားရုံးကြားနာမှုအတွင်း ဗဟိုအစိုးရက ကျောင်းသားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် လိုအပ်ပါက ထပ်မံကြိုးပမ်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း ပြောဆိုထားပါတယ်။
အဲဒီကြားနာမှုမတိုင်ခင် ဇူလိုင် (၂၃) ရက်ညပိုင်းမှာ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီက ဗီဒီယိုမိန့်ခွန်းကနေ စာမေးပွဲမေးခွန်းပေါက်ကြားမှုတွေကို ထိရောက်စွာ အရေးယူနိုင်မယ့် ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းသွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မေးခွန်းပေါက်ကြားမှုမှာ ပါဝင်ပတ်သက်သူတွေကို အမြန်ဆုံး စစ်ဆေးအရေးယူနိုင်ဖို့ Fast-track Courts ဖွဲ့စည်းသွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
တစ်ဖက်မှာတော့ လူမှုရေးလှုပ်ရှားသူ Sonam Wangchuk (ဆိုနမ် ဝမ်ချပ်ခ်)ဟာ (၂၆) ရက်ကြာ အစာငတ်ခံဆန္ဒပြမှုကို ဇူလိုင် (၂၄) ရက် နံနက်ပိုင်းမှာ ရပ်နားလိုက်ပါတယ်။
အာဏာရပါတီနဲ့ အတိုက်အခံပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တိုက်တွန်းချက်ကြောင့် အစာငတ်ခံဆန္ဒပြမှုကို ရပ်နားခဲ့တာဖြစ်ပြီး၊ ဂုရုဂရမ်မြို့ရှိ Medanta Hospital မှာ ပြည်ထောင်စုဝန်ကြီး JP Nadda နဲ့ Jitendra Singh တို့ ရှေ့မှောက်မှာ အစာပြန်လည်စားသောက်ခဲ့ပါတယ်။
Cockroach Janta Party (CJP) တည်ထောင်သူ Abhijeet Dipke ကတော့ Sonam Wangchuk အစာငတ်ခံမှု ရပ်နားလိုက်တဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောဆိုခဲ့ပေမယ့် ပညာရေးဝန်ကြီး Dharmendra Pradhan ရာထူးက နုတ်ထွက်တဲ့အထိ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။
Sonam Wangchuk ကလည်း ဆန္ဒပြသူတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဆက်လက်တောင်းဆိုကြဖို့ တိုက်တွန်းခဲ့ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာအောင် လူမှုရေးအနှောင့်အယှက်ပေးသူတွေက လှုံ့ဆော်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် CJP က ရဲတပ်ဖွဲ့ရဲ့ အင်အားသုံး နှိမ်နင်းမှုတွေကို ကန့်ကွက်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ ကြေညာထားပြီး၊ ဒေလီမြို့ရှိ Jantar Mantar မှာလည်း ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
