
ဇူလိုင် ၂၇၊ ဝိုင်းမော်
ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီးရှိ တရုတ်နယ်စပ်ကုန်သွယ်စစ်ဆေးရေးစခန်းကို ဆွတ်ဘွမ်ကုမ္ပဏီပိုင်ခြံကုန်ချိန်းကွင်းမှာ မကြာမှီပြောင်းရွေ့ရတော့မယ်လို့ သိရပါတယ်။
မနေ့က ဇူလိုင် (၂၆) ရက် နေ့လည် (၁၂)နာရီ ခွဲမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နဲ့ ကံပိုင်တည်ကုန်သည်ကြီးများအသင်း၊ ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့က ပြောင်းရွေ့ရေးဆွေးနွေးခဲ့တာလို့ သိရပါတယ်။
ဆွေးနွေးပွဲမှာ တရားမဝင်ကုန်စည်စီးဆင်းမှုများ လျော့နည်းပပျောက်စေရေးနဲ့ အစိုးရမှရသင့်တဲ့ အခွန်အခများရရှိစေရေး ကိုအဓိကဆွေးနွေးခဲ့တာလို့ တက်ရောက်သူတွေထံကနေ သိရပါတယ်။
“ ကရိန်းကွင်း လို့ခေါ်ကြတာပေါ့ ကုန်ပစ္စည်းတွေချိန်းချင်ရင် အဲ့မှာသွားချိန်းလို့ရတယ် ။ ကွင်းကျယ်တော့လေ။ ကွင်းကြေးတော့ပေးရတာပေါ့ အများကြီးတော့မဟုတ်ပါဘူး တစ်သောင်းပေါ့” လို့ ကုန်တင်ကားသမားတစ်ဦးက အခုလိုပြောဆိုလာပါတယ်။
ယခင်က ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ရွှေမိုးတောင်ဘုရားတောင်ခြေအောက်မှာ ယာယီစစ်ဆေးရေးစခန်းအဖြစ်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ မိုင်နား-ဝေပါ-ဝါရှောင် ကျေးရွာများရှိလမ်းပိုင်းအတွင်းက ဆွတ်ဘွမ်ဝင်းထဲမှာ ဖွင့်လှစ်မှာလို့ဆိုပါတယ်။
ဒါ့အပြင် ကုန်သည်တွေက လမ်းပိုင်းတစ်လျှောက်ရှိ မြေပြိုမှုများကြောင့် လမ်းပိတ်ဆို့ကာကုန်သွယ်မှုခေတ္တရပ်တန့်နေမှုများ နဲ့ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့်ကုန်သွယ်နိုင်မှုအခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
ကံပိုင်တည်မြို့ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ( ၁၂) ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့အမိန့်နဲ့ ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာအုပ်စုသုံးစုနဲ့ ကျေးရွာ (၃၀) ပါဝင်တဲ့ မြို့နယ်ခွဲအဖြစ် စတင်ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။
