
ဇူလိုင်(၂၇)၊ ချင်းမိုင်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ( SCEF)က တော်လှန်ရေးအင်အားစုတွေအပြင် တိုင်းရင်းသားလက်နက်ကိုင်(EROs)တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေကို အခုဇူလိုင်လအတွင်းမှာ ဆက်တိုက်ပြုလုပ်နေတယ်လို့ ၎င်းတို့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဇူလိုင်(၂၃)ရက်နေ့က ရခိုင်တပ်ဖွဲ့ဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်( ULA/AA) ရဲ့ဥက္ကဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ အွန်လိုင်းတွေ့ဆုံမှုရှိခဲ့ပြီး ရခိုင်ပြည်နယ်ကကြုံတွေ့နေရတဲ့အခက်အခဲတွေအတွက် အကူအညီလိုအပ်နေမှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဇူလိုင်( ၂၂)ရက်နေ့ကတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)အပြင် ပအိုဝ်းမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)တို့ နှစ်ဖွဲ့နဲ့ တွေ့ဆုံမှုတွေရှိခဲ့ကြောင်း သိရပါတယ်။
နောက်ထပ် ဇူလိုင်(၂၁)ရက်နေ့မှာ မွန်ပြည်သစ်ပါတီ(NMSP-AD) ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ မွန်ပြည်အတိုင်ပင်ခံကောင်စီ(MSCC) နဲ့ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH) တို့နဲ့လည်း ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် (၂၀၂၅)ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)နဲ့လည်း ဇူလိုင်(၂၀)ရက်နေ့မှာတွေ့ဆုံခဲ့သလို စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်နဲ့ မန္တလေးတိုင်းအတွင်းရှိ အင်အားစုတွေနဲ့က ဇူလိုင်(၁၇)ရက်နေ့မှာ အသီးသီးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီအဖွဲ့အစည်းအားလုံးနဲ့ အဓိကအားဖြင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း (SCEF) က ပြောထားပါတယ်။
အခုလလယ်မှာ ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးကိုလည်း အလှည့်ကျဥက္ကဌ ဖိလစ်ပိုင် ရဲ့ ဖိတ်ခေါ်မှုကြောင့် SCEF ကတက်ရောက်ခဲ့ပြီး စစ်အုပ်စုတွေနဲ့ အတူတွေ့ဆုံခဲ့တာမဟုတ်ဘဲ သီးခြားသွားရောက်တွေ့ဆုံတာဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA)၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA) ၊ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG/PDF) တို့ပါဝင်တာဖြစ်ပါတယ်။
