
ဇူလိုင်(၂၇)၊ မိုးညှင်း
မိုးညှင်းမြို့နဲ့ မိုင်(၃၀) ကွာဝေးနေတဲ့ အင်းတော်ကြီးဒေသမှာ နေထိုင်သူတွေဟာ ဟိုပင်မြို့၊ မိုးညှင်းမြို့တွေကို လာရောက်နိုင်ဖို့အတွက် ကုန်ကျစရိတ်ဟာ ကျပ်(၂)သိန်းအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
အင်းတော်ကြီးကန် အနောက်ဘက်ကမ်းရှိ လုံးတုံမြို့(အင်းတော်ကြီးမြို့)မှာ စစ်တပ်က ဒေသအဝင်အထွက်လမ်းပိုင်းကို ပိတ်ပင်ထားသလို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDF တို့က အင်းအရှေ့ဘက်ကမ်းကို အသီးသီးပိတ်ပင်ထားကြတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် ချောင်းဝကျေးရွာကနေ ဖားကန့်မြို့နယ် ကထန်ယန်ကျေးရွာအထိ ရေကြောင်းလမ်းကနေ စက်လှေစီးရပြီး အဲဒီကနေတစ်ဆင့် မိုးကောင်းမြို့နယ်ကို ဖြတ်ပြီး မိုးညှင်းမြို့ကို မော်တော်ယာဉ်နဲ့ ပြန်လာရတယ်လို့ သိရပါတယ်။
“စက်လှေက တစ်ယောက် (၅)သောင်း၊ ကထန်ယန်ရောက်ရင်လည်း ကားကရှိချင်မှရှိတာ၊ တကယ်လို့ ကားရှိရင် နေ့ချင်းမိုးညှင်းရောက်တယ်၊ မရောက်ရင် ညအိပ်ပြီး ကားစောင့်ရတယ်၊ ကားကတစ်ယောက်ကို တစ်သိန်းပေးရတယ်လေ၊ စားစရိတ်နဲ့ ဘာနဲ့ဆို နှစ်သိန်းတောင် ကျော်တယ်” လို့ မြို့ပေါ်ရောက်လာတဲ့ ခရီးသွားတစ်ဦးက ပြောပြပါတယ်။
ယခင်က မိုးညှင်း-အင်းတော်ကြီးလမ်းပိုင်းသည် ၁ နာရီမှ ၂ နာရီခန့်သာ ကြာမြင့်ခဲ့ပေမယ့် လက်ရှိမှာတော့ ၁၀ နာရီဝန်းကျင် ကြာမြင့်နေတာလည်း ဖြစ်ပါတယ်။
အင်းမြှီးဒေသတွေမှာ လမ်းပိုင်းအခက်အခဲတွေကြောင့် ကျန်းမာရေးကိစ္စရပ်များအတွက် ယခင်က ချောင်းဝတိုက်နယ်ဆေးရုံ ရှိခဲ့ပေမယ့် တိုက်ပွဲတွေကြောင့် ဆေးရုံပိတ်ပင်ထားတာ နှစ်ချီကြာမြင့်နေပြီဖြစ်ပြီး မြို့ပေါ်ဆေးရုံသို့သာ ခက်ခက်ခဲခဲ လာရောက်ကုသရတယ်လို့ ဆိုကြပါတယ်။
လုံးတုံ(အင်းတော်ကြီးမြို့) စစ်ဆေးရေးဂိတ်မှာ လမ်းပိုင်းကို ပိတ်ပင်ထားတာ (၆)လနီးပါး ကြာမြင့်လာပြီဖြစ်ပြီး လမ်းပိုင်းဖွင့်လှစ်ပေးဖို့ကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံ ကျေးရွာတာဝန်ရှိသူတွေဘက်က အာဏာပိုင်များနဲ့ တွေ့ဆုံတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဖွင့်လှစ်ပေးခြင်း မရှိသေးပါဘူး။
မကြာသေးမီ ဇူလိုင်လလယ်မှာ လုံးတုံမြို့အနီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး KIA+PDF တပ်စခန်းအချို့ သိမ်းပိုက်ခံခဲ့ရပြီး အခုရက်ပိုင်းမှာလည်း အင်းအရှေ့ကမ်းရှိ ဟဲပုကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
