ဟုမ္မလင်းမြို့နယ်အတွင်း NUG ထိန်းချုပ်ဒေသမှာ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ စစ်ယာဉ်တွေကိုသာ သွားလာခွင့်ပြုမည်

ဟုမ္မလင်း-ဖောင်းပြင်လမ်းပိုင်းတစ်ခုကိုတွေ့ရစဉ်/ ShanNi Voice

ဇွန် ၁၈၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းက NUG ထိန်းချုပ်ထားတဲ့ လမ်းပိုင်းတွေကို  ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ စစ်ဘက်သုံးယာဉ်တွေကိုသာ  ဖြတ်သန်းသွားလာခွင့် ပြုမယ်လို့ ဇွန်လ (၁၅ )ရက်နေ့က မြို့နယ်အရေးပေါ် ပြည်သူ့အုပ်ချုပ်ရေး(ဗဟို) အဖွဲ့မှ စာထုတ်လာပါတယ်။

အဲ့ဒီလမ်းပိုင်းက အဝင်အထွက်ဂိတ်တွေ ၊  ကုန်းလမ်း၊ ရေလမ်းနဲ့ အခွန်ဂိတ်များအားလုံးကို ဇွန်လ (၁၀) ရက်နေ့ကစလို့  ဖြတ်သန်းခွင့်ယာယီပိတ်ကြောင်းကို ထုတ်ပြန်ခဲ့ပြီးနောက်အခုမှ  လိုအပ်ချက်အရတာဖြတ်သန်းခွင့်ပြုမှာ ဖြစ်တယ်လို့ ပြန်လည်ထုတ်ပြန်ခဲ့တာပါ။

နတ်နန်း(နမ့်နန်း) ကျေးရွာ အခွန်ဂိတ်မှစတင်ပြီး  ယန်းဖောင်ကား ၊ သရီးဂရောင်းကား နဲ့ ထွန်စက်စတဲ့ ယာဉ်ကြီးများကိုပိတ်ပင်ထားပြီး ကုန်စည်ပို့ဆောင်မှုအတွက် ခြောက်ဘီးကားနဲ့ ကားလေးများကို ရာသီဥတုအခြေအနေ အပေါ်မူတည်ပြီး ပိတ်ပင်မှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ရေးအခြေအနေအပေါ် မူတည်ပြီး စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ မော်တော်ယာဉ်များ သွားလာခြင်းကိုတော့ စိစစ်ခွင့်ပြုသွားမှာဖြစ်တယ်လို့ စာထဲပါရှိပါတယ်။

ထုတ်ပြန်ချက်ကို နယ်မြေဒေသအတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ တာဝန်ခံများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ပကဖ၊ ပလဖ များနဲ့ ဒေသခံများ ပူးပေါင်းလိုက်နာပေးဖို့ကို တိုက်တွန်းထားပြီး လိုက်နာမှုမရှိပါက အရးယူမှုတွေလုပ်ဆောင် သွားမယ်လို့သိရပါတယ်။

ဒါ့အပြင် ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အတွင်းက ရွှေပြည်အေးမြစ်ပြင်တစ်လျှောက်နဲ့ သောင်သွပ်တိုက်နယ်အတွင်း အသုံးပြုနေတဲ့ အင်တာနက်တွေကို ဇွန်လ (၈) ရက်နေ့ကစပြီး ယာယီပိတ်သိမ်းဖို့ကိုလည်း သက်ဆိုင်ရာ ပကဖ၊ ပလဖ တို့ကို အကြောင်းကြား ထားတယ်လို့ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က အဆိုပါမြို့နယ်အတွင်း NUG တပ်တွေသိမ်းယူထားတဲ့ ရွှေပြည်အေးမြို့က ကင်းစခန်းအချို့ကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က  ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပြီးနောက်မှာ ယခုလိုထုတ်ပြန်ချက်တွေ ထွက်လာတာပါ။

ဟုမ္မလင်းမြို့နယ် ထက်ဝက်ကျော်ကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်က  ထိန်းချုပ်ထားပြီးချင်းတွင်းမြစ်ရဲ့ အောက်ပိုင်းဒေသကိုတော့ NUGလက်အောက်ခံ PDF နဲ့ KIA တို့က ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *