ကမ်ဘီယာနိုင်ငံမှ ICJ တွင် မြန်မာနိုင်ငံအား လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် စွဲဆိုထားသောအမှုကို သွားရောက်ဖြေရှင်းမည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့ကို မိုးညှင်းမြို့နယ်ရှိ ပြည်သူများက ထောက်ခံဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ ထောက်ခံဆန္ဒထုတ်ဖော်ပွဲကို ဒီဇင်ဘာ ၇ နံနက်ပိုင်းက မိုးညှင်းမြို့တွင် ပြုလုပ်ခဲ့သည်။
” ကိုယ်စားလှယ်အဖွဲ့ သွားရောက်ဖြေရှင်းတဲ့နေရာမှာ ကျွန်တော်တို့က ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တစ်သားတည်းရှိတဲ့ဆိုတဲ့အကြောင်း ကျွန်တော်တို့ နိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးဆိုတဲ့အကြောင်း ၊ ကျွန်တော်တို့ လူမျိုးတွေဟာ သမိုင်းကြောင်းနဲ့ ချီပြီးတော့မှ ပြောရမယ်ဆိုရင် လူမျိုးသတ်ဖြတ်ခဲ့တဲ့လူမျိုးမဟုတ်ဘူးဆိုတဲ့အကြောင်း ဖော်ထုတ်ချင်တဲ့အတွက် အခုလိုထောက်ခံပွဲပြုလုပ်ရတာဖြစ်တယ်” ဟု ထောက်ခံပွဲဖြစ်မြောက်ရေးကော်မတီမှ ကိုကျော်ခိုင်ဝင်းက ရှမ်းနီအသံကိုပြောသည်။
ထောက်ခံဆန္ဒထုတ်ဖော်ပွဲတွင် မိုးညှင်းမြို့နယ်ရှိ ပြည်သူလူထုများ၊ အရပ်ဘက်အဖွဲ့အစည်းများ ၊ နိုင်ငံရေးပါတီများ ၊ စာပေယဉ်ကျေးမှုအဖွဲ့များ ၊ ကျောင်းသားကျောင်းသူများ ပါဝင်ခဲ့သည်။
” ဒီဟာက နိုင်ငံတော်အတွင်းမှာရှိတဲ့ပြည်သူလူထုတစ်ရပ်လုံးကိုတရားစွဲတာဖြစ်တဲ့အတွက် ကျွန်တော်က ပြည်နယ်လွတ်တော်ကိုယ်စားလှယ်တစ်ယောက် ပြည်သူလူထုကရွေးချယ်တင် မြောက်ထားတဲ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်”ဟု မိုးညှင်းမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးတင်အေးက ပြောသည်။
လာမည့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ICJ တွင် မြန်မာနိုင်ငံကို စွဲဆိုထားသည့်အမှုကို ပထမဆုံးကြားနာစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။