ကလေး-တမူးလမ်းပိုင်းက ကျေးရွာအားလုံးကို စစ်တပ်သိမ်းလိုက်ပြီ

ဇူလိုင်(၃၁)၊ တမူး

မိုင်ပေါင်း (၈၀)ကျော်ရှည်လျားတဲ့ ကလေး-တမူး အာရှလမ်းမကြီးရှိ ကျေးရွာအားလုံးကို စစ်တပ်ဘက်က   ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်းကို တိုက်ပွဲသတင်းတွေအရ သိရပါတယ်။

စစ်တပ်ဘက်ကလည်း ဒီလကုန်အထိ ရန်တိုင်းအောင်ကျေးရွာနဲ့ တွီဘန်ကျေးရွာ တို့ကိုနောက်ဆုံးသိမ်းပိုက်ထားတယ်လို့ မနေ့ကထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ကလေး-တမူးလမ်းပိုင်းကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်လာခဲ့ပြီးနောက် ကလေးမြို့နယ်ဘက်ကစစ်ကြောင်းက တွီဘန်ကျေးရွာအထိနဲ့ တမူးမြို့နယ်ဘက်က စစ်ကြောင်းက ရန်တိုင်းအောင်ကျေးရွာအထိ အသီးသီးရောက်ရှိလာပြီဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမယ့် ကျေးရွာပတ်ဝန်းကျင်အချို့နဲ့ ဝိတုတ်ကျေးရွာလမ်းပိုင်းအနည်းငယ်မှာတော့  တော်လှန်ရေးတပ်ဖွဲ့များနဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနဲ့မြန်မာနယ်စပ်ကလေး-တမူးလမ်းပိုင်းအားလုံးကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ဖို့ကို နယ်မြေလုံခြုံရေးလုပ်ငန်းများ နဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်လည်ပတ်နိုင်ဖို့  ပြုလုပ်နေတယ်လို့ ဆိုထားပါတယ်။

မိုင်းရှင်းလင်းရေးလုပ်ငန်းတွေနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများလည်း ဆောင်ရွက်နေကြောင်း စစ်ကော်မရှင်ဘက်က ပြောထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ဒီလမ်းပိုင်းကို အခုဇွန်လ(၇)ရက်နေ့ကနေ (Counter Terrorism Operation ) လို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အပြီး  အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းတွေကို လုပ်ဆောင်ဖို့သဘောတူခဲ့ပြီး လမ်းပိုင်းမြို့တွေကို တစ်လအတွင်းမှာ အရှိန်အဟုန်နဲ့ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ 

အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်လမ်းပိုင်းကို ဦးမင်းအောင်လှိုင် အစိုးရလက်ထက်မှာ အပြီးတည်ဆောက်ဖို့အတွက် ပြင်ဆင်မှုတွေရှိနေကြောင်းကို ဒီနေ့မနက်ပိုင်း ရက် (၁၀၀)စီမံကိန်း မိန့်ခွန်းမှာပြောဆိုပါတယ်။

“ အိန္ဒိယ-မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော်လမ်းမကြီးစီမံကိန်းကို အထူးအလေးထားဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရတာဝန်ယူထားတဲ့အချိန်ကာလမှာ ရာနှုန်းပြည့်အပြီးစီးဆောင်ရွက်သွားဖို့ ဆောင်ရွက်လျက်ရှိနေပါတယ်။ 

အိန္ဒိယနိုင်ငံ မိုးရေလ်ကနေ မြန်မာနိုင်ငံအလယ်ပိုင်းကိုဖြတ်သန်းပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ၈၀၅ မိုင်ရှည်လျားတဲ့ နယ်စပ်ဖြတ်ကျော်စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။ 

နှစ်ဖက်တိုက်ပွဲတွေကြောင့် နယ်စပ်ကနေ အိန္ဒိယနိုင်ငံကို စစ်ဘေးတိမ်းရှောင်သူတွေလည်းများပြားခဲ့ပြီး စစ်တပ်ဘက်ကလေကြောင်းသုံး ပြင်းထန်ထိုးစစ်ဆင်ခဲ့တာကြောင့် ဒေသခံထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *