KIA ဌာနချုပ်လိုင်ဇာမြို့အနီးလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်၃၀ကျော်သေဆုံး

အောက်တိုဘာ ၁၀ ၊ လိုင်ဇာ 

KIA ဌာနချုပ် လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ရှောင်စခန်းမှာ အောက်တိုဘာလ ၉ ရက်နေ့ ညသန်းခေါင်အချိန်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သုံးဆယ်ကျော်သေဆုံးတယ်လို့ လိုင်ဇာဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

“ မနေ့ညက ၁၂ နာရီကျော်မှာ မုန်လိုင်ခက်မှာ လက်နက်ကြီးကျတာ ပြောမယ်ဆိုရင် ဘတ်ဟိုးတွေနဲ့ဖြိုထားသလိုပဲ စစ်ဘေးဒုက္ခသည် ၂ အိမ်က တည့်တည့်ကိုကျတာ ကျန်တဲ့အိမ်တွေကလျှံကျပြီးတော့ ပစ်စလခတ်ကျပြီး ပွလံကျဲနေတာပဲ၊ စစ်ဘေးရှောင်တဲ့သူတွေကလည်း ၃၀ ကျော်သေတယ် ကလေးတွေရာ လူကြီးတွေကောပေါ့နော့်” လို့ လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်။ 

လေကြောင်းတိုက်ခိုက်ခံရမှုလို့ အောက်တိုဘာလ အစောပိုင်းမှာပြောဆိုထားပေမယ့် ဒေသခံတွေက လေကြောင်းကနေ တိုက်ခိုက်မှုမဟုတ်ပဲ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ 

ဒေသခံတစ်ဦးရဲ့အဆိုအရ လက်နက်ကြီးပစ်ခတ်မှုဟာ ၂၀၁၃ ခုနှစ်က စစ်တပ်သိမ်းထားတဲ့  ပွိုင့် ၁၀၁၂ လို့ အမည်ပေးထားတဲ့ ခါရာဘွန်တောင်ကုန်းကနေ ပစ်ခတ်မှုတွေရှိခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။ 

အခုမနက်ပိုင်းမှာမှ ကူညီရှာဖွေ ရှင်းလင်းရေးလုပ်ဆောင်နေတာကြောင့် သေဆုံး ထိခိုက်သူဦးရေ စာရင်းအတိအကျမသိရသေးဘူးလို့ဆိုပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး  ထိခိုက်ဒဏ်ရာရသူ ၅၆ ဦးရှိကာ  အဲ့ဒီထဲက  ၄၄ ဦးဟာ ဆေးကုသမှုခံယူနေရတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက BBC သတင်းမှာ ပြောဆိုထားပါတယ်။ 

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုဖြစ်စဉ်ဟာ စစ်ကောင်စီရဲ့ လုပ်ရပ်ဆိုတာကို ငြင်းဆိုထားပြီး စုံစမ်းနေတယ်လို့ ပြည်တွင်း မီဒီယာတချို့မှာ ဖြေဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာလည်း KIA ရဲ့ အနန့်ပါကို  စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်ခဲ့မှုကြောင့် ၆၀ ကျော် သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *